ခဲသတ္တုတူးရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ကလုံးထာဒေသခံများနှင်လွှတ်

0
866

ရေဖြူမြို့နယ် ကလုံးထာရွာတွင် သတ္တုတူးဖော်ရန် စက်ယန္တရားများဖြင့် ဝင်ရောက်လာသူများကို ဒေသခံနှစ်ရာကျော်က ကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြောင်း ယင်းကျေးရွာနေသူအချို့ထံမှ သိရသည်။

KNU တပ်မဟာ(၄)ထံမှ ခွင့်ပြုချက်ယူထားသည်ဆိုသော သတ္တုတူးဖော်မည့်လူ ဆယ်ဦးကျော်ခန့်သည်  နိုဝင်ဘာလ ၉ ရက်နေ့က ကလုံးထာရွာအတွင်းသို့ မြေတူးသည့် ဘတ်ဟိုးတစ်စီး၊ ကားတစ်စီးဖြင့် ရောက်လာကြောင်း ဒေသခံအချို့က ဆိုသည်။

သတ္တုတူးဖော်ပါက သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမည်ကို စိုးရိမ်သဖြင့် ကလုံးထာဘုန်းကြီးကျောင်း ဆရာတော်အပါအဝင် ကျေးရွာနေ ဒေသခံနှစ်ရာခန့်က ဝိုင်းဝန်းကန့်ကွက်ပြီး နှင်လွှတ်လိုက်ကြကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ကျွန်မတို့တစ်ရွာလုံးက လက်မခံဘူး မလိုလားဘူးဆိုပြီး ဘတ်ဟိုးဝင်လာချိန်မှာ ဆန္ဒပြခဲ့ကြတယ်။ ကန့်ကွက်ခဲ့ ကြတယ်။ ကျွန်မတို့ဆီမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းထားတာရှိတယ်။ သဘာဝပတ်ဝန်းကျင်တွေ ပျက်စီးမှာစိုးလို့ အကုန်လုံးက ကန့်ကွက်ခဲ့ကြတာ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။

ပုလောမြို့နယ်က ဦးဇော်လွင်ဆိုသူဦးဆောင်သည့် လူတစ်စုက စက်ယန္တရားများဖြင့်ရောက်လာခြင်းဖြစ်ပြီး ကုမ္ပဏီအမည်ကိုမသိကြကြောင်း ကလုံးထာရွာမှ အခြားသတင်းအရင်းမြစ်တစ်ဦးက ဆိုသည်။

၎င်းတို့ကို KNU တပ်မဟာ ၄ က စမ်းသပ်တူးဖော်ခွင့်ပြုကြောင်းလက်မှတ်ထုတ်ပေးထားသည်ဟုပြောကြောင်း ၎င်းက ပြောသည်။

“ချောင်းကို(ရေ)လွှဲပြီးတော့ သတ္ထုတူးဖော်ဖို့ကိုး။ ဘတ်ဟိုးက တစ်စီးတည်းမဟုတ်ဘူး ခြောက်စီးလောက်လာဖို့၊ တစ်ပိဿာ ငါးဆယ်သား လုပ်စားနေတဲ့ ဒေသခံတွေရဲ့လုပ်ကွက်ကို သူတို့လာတူးမှာဆိုတော့ ဒေသခံတွေက လက်မခံဘူးလေ၊ သူတို့ဝင်လာပြီဆိုရင် ဒေသခံတွေလုပ်စားမရပြီလေ၊ သတ္ထုလည်းရှိတော့မှာမဟုတ်ဘူး၊ သူတို့က ဟဲဗီးကြီး လုပ်ဖို့ကိုး”ဟု အထက်ပါ ဒေသခံသတင်းအရင်းမြစ်က ဆိုသည်။

ရွာနှင့်သုံးမိုင်ခန့်အကွာတွင်ရှိသည့် လှေကားထောင်ချောင်းနှင့် ကလုံးထာချောင်းတွင် ဒေသခံအများစုက တနိုင်တပိုင် ခဲယင်း(ခဲသတ္တုရှာ)သည့်လုပ်ငန်း လုပ်ကိုင်စားသောက်နေကြကြောင်း ဒေသခံအချို့က ပြောသည်။

ယခင်ကလည်း တရုတ်ကုမ္ပဏီတစ်ခုက ကလုံးထာရွာတွင် ခဲသတ္ထုတူးဖော်ခဲ့ဖူးပြီး ဒေသခံများ အဓိကအသုံးပြုနေသည့် ချောင်းရေနောက်ခြင်း၊ ချောင်းပျက်စီးခြင်းများအပြင် ဥယာဉ်ခြံမြေများကို ရေတိုက်စားခြင်းများ ဖြစ်ပွားခဲ့သည်။

ထိုကြောင့်လည်း ဒေသခံရွာသားများက ကန့်ကွက်သဖြင့် ယင်းကုမ္ပဏီ၏ လုပ်ငန်းရပ်နားထားရကြောင်း ၎င်းက ပြောသည်။

NLD အစိုးရလက်ထက်ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလက ကလုံးထာကျေးရွာတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း(CBT)ဖွင့်လှစ်ခဲ့ပြီး တောတွင်းလျှောက်လမ်း၊  ကလုံးထာရေပူစမ်းနှင့် ကလုံးထာချောင်းတစ်လျှောက် လေ့လာရေးခရီးစဉ်များ ပါဝင်သည်။

ကိုဗစ်ကပ်ဘေးနှင့် အာဏာသိမ်းကာလတွင် CBT လုပ်ငန်းရပ်နားထားရသည်။