စစ်စခန်းများ သိမ်းပိုက်ခံနေရချိန် ဝန်ထမ်းများ ကိုယ်အလေးချိန်လျှော့ကြရန် တိုင်းစစ်ကောင်စီညွှန်ကြား

0
1048

တော်လှန်ရေးအဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်များက စစ်ကောင်စီစခန်းများကို နိုင်ငံအနှံ့ တိုက်ခိုက်သိမ်းပိုက်နေချိန်တွင် နိုင်ငံ့ဝန်ထမ်းများ ဒီဇင်ဘာလအပြီး ဝိတ်ချကြရန် တနင်္သာရီတိုင်းစစ်ကောင်စီက ညွှန်ကြားထားဟု ဝန်ထမ်းအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ပြုလုပ်သည့် တိုင်းစစ်ကောင်စီအစည်းအဝေးတွင် ဌာနဆိုင်ရာအရာရှိများကို ညွှန်ကြားလိုက်ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ကိုယ်အလေးချိန် စံသတ်မှတ်ရာတွင် Body Mass Index (BMI) ကိုယ်အလေးချိန်နှင့် အရပ်အမြင့်အချိုးအစား တွက်ချက်နည်းဖြင့် အဝလွန်၊ မလွန် သတ်မှတ်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် အရပ်အမြင့် ငါးပေလေးလက်မရှိသူသည် ကိုယ်အလေးချိန် ၁၄၀ ပေါင်ရှိပါက BMI 24 ရှိပြီး အဝမလွန်ဘဲ ပုံမှန်အနေအထားဖြစ်သည်။

သို့သော်လက်ရှိအချိန်ထိ ဌာနဆိုင်ရာ အရာရှိများက အောက်ခြေဝန်ထမ်းများကို ညွှန်ကြားခြင်းမရှိသေးကြောင်း စုံစမ်းသိရသည်။

ဒေသအတွင်း ပုံမှန်အနေအထားရှိနေကြောင်း စစ်ကောင်စီက လှည့်စားလိုသည့်အတွက် ယခုကဲ့သို့ အရေးမပါသည့် သတ်မှတ်ချက်များကို ထုတ်ပြန်နေသည်ဟု ယူဆကြောင်း ထားဝယ်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတစ်ဦးက ဆိုသည်။

“သူတို့ကတော့(စစ်ကောင်စီ) ပုံမှန်အခြေအနေဖြစ်နေပြီဆိုတာကို ပြချင်နေတဲ့သဘောပဲ။ အခုအချိန်အထိတော့ စာနဲ့ ညွှန်ကြားလာတာ မရှိသေးဘူး။ နှုတ်မိန့်နဲ့ပဲ ညွှန်ကြားမလားတော့ မသိဘူး”ဟု အထက်ပါ နိုင်ငံ့ဝန်ထမ်းက ပြောသည်။

ဝန်ထမ်းများအနေဖြင့် အရပ်နှင့် ကိုယ်အလေးချိန်အချိုး(BMI)အတွင်း ရှိနေစေရန်အပြင် စစ်ကောင်စီဝန်ကြီးခရီးစဉ်များတွင် အဝလွန်နေသူများ မတွေ့စေရန်၊ ကွမ်းမစားရန်၊ အမျိုးသားတိုက်ပုံကြယ်သီး အပြည့်တပ်ရန်၊ အမျိုးသမီးဝတ်စုံကို သပ်ရပ်စွာဝတ်ရန် အစရှိသည့်အချက်များကို ညွှန်ကြားခဲ့ကြောင်း ဝန်ထမ်းအသိုင်းအဝိုင်းက ပြောသည်။

ယင်းသို့ ညွှန်ကြားထားခြင်းနှင့် ပတ်သက်၍ Dawei Watch အနေဖြင့် တိုင်းစစ်ကောင်စီဘက်ကိုမူ မေးမြန်းနိုင်ခြင်း မရှိပေ။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ်တုန်းကလည်း ရဲတပ်ဖွဲ့ဝင်များ BMI ထက် ကျော်လွန်နေပါက အရေးယူမည်ဟု ပြည်ထဲရေးဝန်ကြီးဌာန(ရဲဌာနချုပ်)က ထုတ်ပြန်ခဲ့ဖူးသည်။