လောင်းလုံး ပညစ်ကျေးရွာရှိ နေအိမ်များ စစ်ကောင်စီတပ် မီးရှို့

0
837

လောင်းလုံးမြို့အနီးက ပင်လယ်ကမ်းခြေရွာတစ်ရွာဖြစ်သော ပညစ်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့နေကြောင်း ဒေသခံအချို့ကပြောသည်။

နိုဝင်ဘာလ ၁၂ ရက် ညပိုင်းအချိန်တွင် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ပြီး ယနေ့ (နိုဝင်ဘာ ၁၃) မနက်ပိုင်းတွင်လည်း ထပ်မံမီးရှို့‌နေကြောင်း ဒေသခံအချို့ကပြောသည်။

“အိမ်တွေကို ရွေးရွေးပြီးလိုက်ရှို့နေတာ” ဟု တိမ်းရှောင်နေရသည့် ‌ပညစ်ဒေသခံတစ်ဦးကဆိုသည်။

နိုဝင်ဘာလ ၁၂ ရက်က နေအိမ်ငါးဆောင်၊ ယနေ့မနက်ပိုင်းတွင် နေအိမ်နှစ်ဆောင် မီးရှို့ခံထားရသည်ဟု ကြားရကြောင်း ဒေသခံတစ်ဦးကဆိုသည်။

သို့သော်စစ်ကောင်စီတပ်က ရွာထဲတွင်ရှိနေသဖြင့် နေအိမ်မည်မျှ မီးရှို့ခံထားရသည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေးပေ။

လောင်းလုံးမြို့ပေါ်မှ စစ်ကောင်စီတပ်ကလည်း ပညစ်ကျေးရွာဘက်သို့ အင်အားထပ်ဖြည့်ရန် လာနေသည်ဟု သတင်းကြားရ၍ ယနေ့မနက်ပိုင်းမှစတင်ကာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။

ပညစ်ကျေးရွာမှ နေအိမ်များမီးရှို့ခံရသည့်ဖြစ်စဉ် မတိုင်ခင် နိုဝင်ဘာလ ၉ ရက်နေ့ကလည်း ကရင်ကြီးကျေးရွာဘက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ကျောက်ဆင်၊ သဘော့ဆိပ်၊ ပြင်ကြီး၊ ကရင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှာ ကရင်ကြီးကျေးရွာ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားချိန် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်ပြီး ပြန်ဆုတ်ချိန်တွင် စစ်ကောင်စီတပ်က နောက်မှလိုက်လာ သဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၁၅ ဦးထက်မနည်း သေဆုံးထိခိုက်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့ဘက်ကလည်း တစ်ဦးထိခိုက်သေဆုံးကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထိခိုင်သေဆုံးမှုအခြေအနေကို သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

တစ်ချိန်တည်းတွင်ပင် အနီးရှိ မောင်းမကန်နယ်မြေရဲစခန်းကိုလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ သေးသည်။

ယင်းဖြစ်စဉ်များဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပင်လယ်ကမ်းခြေ တစ်ဆက်တည်းရှိသည့် ပညစ်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

လက်ရှိတွင် ပညစ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။