ရခိုင်တွင် တိုက်ပွဲစဖြစ်

0
741

ရခိုင်ပြည်နယ်တွင် ယနေ့ နိုဝင်ဘာလ ၁၃ ရက်တွင် တစ်ကျော့ပြန်တိုက်ပွဲ စတင်ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ရသေ့တောင်မြို့နယ် မေယုတောင်တန်းအနီး စစ်တွေ-မောင်တောသွားကားလမ်းပေါ်ရှိ ဒုံးပိုက်၊ ချိန်ခါလီ နယ်ခြားစောင့်စခန်းနှစ်ခုကို ယနေ့ နံနက် ၅နာရီခွဲဝန်းကျင်တွင် ရက္ခိုင့်တပ်တော် AA က ဝင်ရောက် တိုက်ခိုက် ကြောင်း ဒေသခံများနှင့် ဒေသသတင်းမီဒီယာများတွင် ဖော်ပြချက်အရ သိရသည်။

ယင်းသို့တိုက်ခိုက်ပြီးနောက် ရသေ့တောင်မြို့ပေါ်ရှိ စစ်ကောင်စီတပ်ရင်းတို့က လက်နက်ကြီးများဖြင့် နံနက် ၈နာရီခွဲကျော်အထိ ဆက်တိုက်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်သည့် Narinjara သတင်းတွင် ဒုံးပိုက်စခန်းကို AA က သိမ်းယူသွားပြီဟု ဒေသခံများကို ကိုးကားကာ ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် အပစ်အခတ်ရပ်စဲခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် တစ်ကျော့ပြန် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် AA အပါအဝင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က ၁၀၂၇ စစ်ဆင်ရေး လုပ်ဆောင်နေပြီး ၁၈ ရက်မြောက်နေ့တွင် ရခိုင်ပြည်နယ်တွင် သေနတ်သံထွက်ပေါ်လာခြင်းလည်းဖြစ်သည်။