တနင်္သာရီတွင် ဆန်သယ်လာသည့် ကားနှစ်စီးအဖမ်းခံရ

0
1236

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဗောဓိကမ်းတံတားတွင် ဆန်တင်လာသည့် ကားနှစ်စီးအဖမ်းခံရကြောင်း ဒေသခံများက ပြောသည်။

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းက မြိတ်မြို့မှ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စုသို့ ဆန်တင်လာသည့် ခရီးသည်တင်ကားနှစ်စီးကို ဗောဓိကမ်းတံတား စစ်ဆေးရေးဂိတ်တွင် အဖမ်းခံရကြောင်း ၎င်းတို့က ဆိုသည်။

“ငါးမိုင်က ကားတစ်စီးနဲ့ သဘော့လိပ်က ကားတစ်စီးကို ဆန်အိတ်အများကြီးတင်လာတယ်ဆိုပြီး စရဖ (စစ်ဖက်ရေးရာလုံခြုံရေးတပ်) က ဖမ်းလိုက်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့ စရဖရုံးတွင် ကားသမားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ပြီးနောက် နေ့ချင်းပြန်လွှတ်ပေးခဲ့ပြီး ဆန်အိတ်လေးဆယ်ခန့်ကိုမူ ပြန်မရတော့ဟု ကြားသိရကြောင်း ဒေသခံများက ပြောဆိုသည်။

“လူကိုတော့ ပြန်လွှတ်လိုက်တယ်။ ဆန်ကတော့ ကားနှစ်စီးပေါင်း သုံးဆယ့်ရှစ်အိတ်တော့ ပြန်မရတော့ဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်၊ တကူကျေးရွာဘက်ကို ဇဝဲဂိတ်မှ ဆန်သယ်ခွင့် လုံးဝပိတ်ပင်ထားပြီး ညောင်ပင်ကွင်း ကျေးရွာအုပ်စုဘက်ကို သယ်ယူရာ၌လည်း ဗောဓိကမ်းတံတားစစ်ဆေးရေးဂိတ်နှင့် ညောင်ပင်ကွင်း စစ်ဆေးရေး ဂိတ်တို့တွင် စစ်ဆေးဖမ်းဆီးလေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။

တော်လှန်ရေးအုပ်စုများသို့ ဆန်တင်ပို့ရောင်းချသည်ဟူသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးလေ့ရှိသည့်အတွက် ဆန်သယ်ယူရ ခက်ခဲနေပြီး ကျေးရွာအတွင်းဆန်ပြတ်လပ်မှု၊ ဈေးနှုန်းကြီးမြင့်မှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး ဆန်နှင့်ရိက္ခာသယ်ယူမှုကိုလည်း ကန့်သတ်ထိန်းချုပ်ထားသည်။