မြိတ်မြို့ပေါ်တွင် စစ်ကောင်စီက လုံခြုံရေး အစီအမံများ ထပ်တိုးပြုလုပ်

0
841
Myeik

မြိတ်မြို့ပေါ်တွင် နိုဝင်ဘာလ ၁ ရက်နေ့မှစပြီး စစ်ကောင်စီက လုံခြုံရေးအစီအမံများ ထပ်တိုးပြုလုပ်နေကြောင်း မြို့ခံအချို့ထံမှ သိရသည်။

မြိတ်ကမ်းနားလမ်း မီးပုံးတိုင်အနီးတွင် သဲအိတ်များဖြင့် စစ်ကောင်စီ၏ ရဲတပ်ဝင်အချို့မှ လုံခြုံရေးရယူထားခြင်းနှင့် အသွားအလာများသည့် လမ်းဆုံလမ်းခွတို့တွင် သံဆူးကြိုးနှင့် ဖြူနီမျဉ်းပါ ဘယ်ရီဂိတ်များ လိုက်လံချထားကြောင်း မြို့ခံအချို့က ပြောပြသည်။

“ဂိတ်‌တွေချထားတာ တစ်မြို့လုံးနီးပါးပဲ၊ ချထားရုံပဲရှိသေး၊ အတားအဆီးပြုလုပ်တာ မရှိသေးဘူး” ဟု မြစ်ငယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မြို့အပေါ်အနှံ့ ဘယ်ရီဂိတ်တို့ကို ယခင်က ချထားဖူးခြင်းမရှိကြောင်း မြို့ခံအချို့က ပြောပြသည်။

“အာဏာသိမ်းတုန်းက တစ်နိုင်ငံလုံး တစ်မြို့လုံး ဆန္ဒထွက်ပြတဲ့အချိန်က ကမ်းနားလမ်းဘက်မှာ ဂိတ်တွေတစ်ခါချထားဖူးတယ်။ ရဲစခန်းနဲ့ စစ်တပ်ဂိတ် အရှေ့တွေမှာလည်း တွေ့ရတယ်။ မြို့ထဲ လမ်းတွေမှာ ဒီလိုချထားတာတွေ တစ်ခါမှ မတွေ့ဖူးဘူး” ဟု ထားဝယ်စုရပ်ကွက်နေသူတစ်ဦးက ပြောသည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ရှမ်းမြောက်ဒေသတွင် မဟာမိတ်ညီနောင် သုံးဖွဲ့ (TNLA၊ MNDAA၊ AA) တို့က ၁၀၂၇ စစ်ဆင်ရေးဖြင့် စစ်ကောင်စီစခန်းတို့အား တိုက်ခိုက် သိမ်းယူမှုများ ရှိနေခဲ့သည်။

ယင်းစစ်ဆင်ရေးအခင်းအကျင်းကြောင့်စစ်ကောင်စီက ကြိုတင်ကာကွယ်မှုပြုလုပ်သည့် အနေဖြင့် မြိတ်တွင် လုံခြုံရေးအစီအမံတို့အား ဆောင်ရွက်နေခြင်းဖြစ်နိုင်ကြောင်း မြို့ခံအချို့က ခန့်မှန်းကြသည်။

ယင်းအပြင် မြိတ်မြို့အဝင် ကျွဲကူး-ကျောက်ဖျာ မြစ်ကူးတံတားတစ်ဖက်တစ်ချက်တို့ရှိ ဂိတ်တို့တွင် ယခင်က ရဲတပ်ဖွဲ့ဝင်တို့အား တာဝန်ချထားပြီး လတ်တလောတွင် စစ်တပ်ယူနီဖောင်းဝတ်တို့သာ တွေ့မြင်နေရကြောင်း တံတားပေါ်ဖြတ်သန်းသွားလာသူ အချို့က ပြောပြသည်။

မြို့တွင်းရှိ ကရာနီမီးပွိုင့် လမ်းဆုံ၊ ကန်ဖျား ပိတောက်ပင်လမ်းဆုံ၊ ရွှေနှင်းဆီ မီးပွိုင့်လမ်းဆုံ၊ ကမ်းနားလမ်းရှိ ဂဏန်းရုပ်ထု လမ်းဆုံ၊ လေယာဉ်ကွင်းအနီး၊ အရှေ့သိမ်‌ကျောင်းလမ်းဆုံ၊ ရွှေပြည်တန်မီးပွိုင့်လမ်းဆုံ၊ အဝေးပြေးကားဝင်းအသစ်လမ်းထိပ်၊ မြို့သစ်မီးပွိုင့်လမ်းဆုံ၊ ရေပုန်းမီးပွိုင့်လမ်းဆုံ စသည်တို့တွင် ဘယ်ရီဂိတ်များ ချထားကြောင်း မြို့ခံအချို့မှ သိရသည်။