မြန်မာရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန် ပိတ်ဆို့အရေးယူ

0
735
ပုံစာ - MOGE ကို အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ်ပိတ်ဆို့ အရေးယူရန် ဂျပန်ရောက် မြန်မာများ တိုကျိုမြို့တွင် ဆန္ဒ ပြနေစဥ်။ Photo - AFP

စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများဝယ်ယူရန် အဓိက နိုင်ငံခြားဝင်ငွေရရှိနေသော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း MOGE ကို အမေရိကန်က အရေးယူပိတ်ဆို့လိုက်ကြောင်း အမေရိကန်ပြည်ထောင်စုက အောက်တိုဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်သည်။

နိုင်ငံခြားပိုင် ထိန်းချုပ်ရေးရုံး (OFAC) က MOGE ကို အရေးယူပိတ်ဆို့သည့် စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှစ၍ အကျိုးသက်မည်ဖြစ်ကြောင်း ဖော်ပြသည်။

အရေးယူပိတ်ဆို့မှုတွင် ငွေချေးခြင်း၊ ဘဏ်စာရင်းဖွင့်ခြင်း၊ အာမခံပေးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းနှင့် အခြား ဘဏ္ဍာရေး ဝန်ဆောင်မှုများဆိုင်ရာ ကန့်သတ်ချက်များ ပါဝင်သည်။

ယခုနှစ်အစောပိုင်းတွင်က MOGE ကို ဦးဆောင်သူ စစ်ကောင်စီ ထိပ်ပိုင်းခေါင်းဆောင်များကိုသာ အမည်ပျက် စာရင်းသွင်း၍ အရေးယူပိတ်ဆို့ခဲ့ပြီးနောက် ယခု MOGE အဖွဲ့အစည်းကို ပထမဆုံးအကြိမ် အရေးယူပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အမေရိကန်အစိုးရသည် မြန်မာစစ်တပ်နှင့် ဆက်စပ်နေသော စီးပွားရေးလုပ်ငန်း ၃ ခုနှင့် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးအပါအဝင် လူ ၅ ဦးကိုပါ အရေးယူသည့်စာရင်းသို့ ထည့်သွင်းလိုက်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းသုံးခုမှာ စစ်ကောင်စီအတွက် ရုရှားက စစ်လက်နက်ပစ္စည်းများ ဝယ်ယူတင်သွင်းနေသော Sky Royal Hero ကုမ္ပဏီ၊ စစ်ကောင်စီနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး ထောက်ပံ့မှုများပေးနေသည့် Suntac Technologies ကုမ္ပဏီနှင့် Suntac International Trading ကုမ္ပဏီများဖြစ်ကြသည်။

ပိတ်ဆို့ခံရသော လူများမှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေး ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးချာလီသန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဥပဒေရေးရာညွှန်ချုပ် ဒေါက်တာဆွေဆွေအောင်နှင့် အကျဉ်းဦးစီးဌာန ညွှန်ချုပ် ဦးဇော်မင်းတို့ ပါဝင်ကြသည်။

ထို့အပြင် စစ်ကောင်စီအတွက် စစ်လက်နက်ပစ္စည်းများ တင်သွင်းဖြန့်ဖြူးပေးနေသူနှင့် ငွေကြေးထောက်ပံ့ပေးနေသူ ၅ ဦးကိုလည်း အမေရိကန်၊ ဗြိတိန်နှင့် ကနေဒါနိုင်ငံများ ပူးပေါင်းပြီး ဒဏ်ခတ်ပိတ်ဆို့လိုက်ကြောင်း ဗြိတိန်အစိုးရက အောက်တိုဘာ ၃၁ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

၎င်းတို့မှာ Dynasty International ကုမ္ပဏီ ဌာနမှူး ဒေါ်မျိုးသစ္စာ၊ ထူးကုမ္ပဏီများအုပ်စု ဒါရိုက်တာ ဦးထူးထက်တေဇနှင့် ဦးပြည့်ဖြိုးတေဇ၊ Sky Aviator ကုမ္ပဏီဒါရိုက်တာ ဦးကျော်မင်းဦး၊ Yatanarpon Aviation Services ကုမ္ပဏီ ဒါရိုက်တာ ဦးစစ်တိုင်းအောင်တို့ ဖြစ်ကြသည်။

ယင်းအပြင် စစ်တပ်လုံခြုံရေးအတွက် ငွေကြေး သို့မဟုတ် အခြားစီးပွားရေး ရင်းမြစ်များ ပံ့ပိုးပေးနေသော International Group of Entrepreneur Services (IGE) ကုမ္ပဏီကိုလည်း မြန်မာပြည်သူများအပေါ် ဖိနှိပ်မှုတွင် ပါဝင်သည်ဟုဆိုကာ အရေးယူပိတ်ဆို့ခဲ့ကြောင်း ဖော်ပြထားသည်။

MOGE သည် မြန်မာစစ်ကောင်စီအတွက် နှစ်စဉ် ဒေါ်လာ သန်းရာနှင့်ချီ ထောက်ပံ့ပေးနေသော အရင်းအမြစ် တစ်ခုဖြစ်ပြီး အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်က စစ်လက်နက်ပစ္စည်း ဒေါ်လာ ၁ ဘီလီယံကျော်ကို တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။