ပုလော စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦးပြန်လွတ်လာ

0
789

မြိတ်ခရိုင်၊ ပုလောမြို့ရှိ စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့သည့် အသက် ၁၅နှစ်အရွယ် ယောင်္ကျားလေးသုံးဦး ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပဝတ်ကုန်းရွာတွင်နေထိုင်သည့် အဆိုပါယောင်္ကျားလေးသုံးဦးသည် အောက်တိုဘာလ ၂၂ ရက် နံနက်က နန်းတောင်ရွာစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံခဲ့ရပြီး ယနေ့ အောက်တိုဘာလ ၂၅ရက် နံနက်တွင် ပြန်လွတ်လာကြောင်း ဒေသခံတို့က ဆိုသည်။

“ဆိုင်ကယ်တစ်စီးကို သုံးယောက်စီးပြီး ခေါက်တုံ့ခေါက်ပြန် သွားနေလို့ ဟိုက ဖမ်းလိုက်တယ်။ အခုပြန်လွတ်လာပြီ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဖမ်းဆီးခံရချိန် လက်ပြန်ကြိုးတုပ်ကာ ရိုက်နှက်စစ်ဆေးခံခဲ့ရသည်ဟု ကြားသိရကြောင်းလည်း ဒေသခံများက ပြောဆိုသည်။

“ပုလော ၂၈၅ တပ်ရင်းက သွားထုတ်လာတယ်။ ရိုက်နှက်ခံထားရတယ်။ ကြေးပြား (ပိုက်ဆံ) ပေးရသလား မပေးရသလားတော့ သေချာမသိဘူး” ဟု ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောသည်။

ဖမ်းဆီးခံရသူတို့၏ မိသားစုမှာ ပဝတ်ကုန်းရွာတွင် မနေထိုင်တော့ဘဲ အခြားတစ်နေရာတွင် ဥယျာဉ်ခြံ လုပ်ကိုင်နေကြကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုသည်။

“ကောင်လေးတွေက ဈေးဆင်းလာဝယ်ရင်း အဖမ်းခံရတာလို့ပြောတယ်” ဟု ၎င်းက ပြောသည်။

ပုလောမြို့နယ်တွင် ယခုလအတွင်း အရပ်သားဖမ်းဆီးခံရမှုများပြားခဲ့ပြီး သဲပုံရွာက အမျိုးသားတစ်ဦးနှင့် မီးလောင်ချောင်းရွာက အမျိုးသားသုံးဦးတို့ကို လမ်းခရီးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။