ရေခဲချောင်း လိုက်ရောင်းသည့် ကျောက်နီမော်ရွာသား ပျောက်ဆုံးနေ

0
1041

ရေခဲချောင်းထွက်ရောင်းသည့် လောင်းလုံးမြို့နယ် ၊ကျောက်နီမော်ရွာသား ဦးသံခဲဆိုသူ ပျောက်ဆုံးနေသည်မှာ ယနေ့ စက်တင်ဘာ ၂၉ ရက် နေ့ဆိုလျှင် ၅ရက်ခန့်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

ဦးသံခဲဆိုသူသည် အသက် ၅၀ ကျော်ဝန်းကျင်အရွယ်ရှိပြီး စက်တင်ဘာလ ၂၅ ရက်နေ့က  ဆိုင်ကယ်ဖြင့် အောက်ကျောက်ဝပ်ရွာ၊ ညောပြင်ရွာတို့တွင် ရေခဲချောင်းလိုက်ရောင်းရာမှ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

“သူမိသားစုကတော့ လိုက်ရှာနေကြတယ်။ ‌တော်တော်ရိုးသားတဲ့သူ၊ လည်လည်ဝယ်ဝယ်လည်းမဟုတ်ဘူး၊ ပျောက်ဆုံးသွားတယ်ဆိုတာကို တော်တော်အံ့ဩရတယ်”ဟု ၎င်းကပြောသည်။

၎င်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးထားကြောင်း သတင်းထွက်နေသော်လည်း  မည်သည့်အဖွဲ့က မည်သည့်အကြောင်းယင်းကြောင့် ဖမ်းဆီးထားကြောင်း မသိရသေးပေ။

ဖမ်းဆီးထားသည်ဆိုသော သက်ဆိုင်ရာလက်နက်ကိုင်အဖွဲ့ကလည်း ထုတ်ပြန် ထားသည်ကို မတွေ့ရသေးပေ။

ဦးသံခဲသည် ရေဖြူမြို့နယ် ကံပေါက် ဒေသ ဇာတိဖြစ်ပြီး ကျောင်နီမော်ရွာတွင် အိမ်ရာထူထောင်ပြီး နေထိုင်သည်မှာ နှစ်ပေါင်း ၃၀ ထက်မနည်းရှိပြီ ဖြစ်ကာ ကျောက်နီမော်မှ ရှင်မော်အထိ ရေခဲ‌ချောင်း လိုက်ရောင်းပြီး မိသားစုကို ရှာဖွေ ကျွေးမွေးနေသူလည်းဖြစ်ကြောင်း ဒေသခံများကပြောသည်။