တနင်္သာရီတိုင်းတွင် မျက်စိနာသူများနေ

0
1086
ပုံစာ- မျက်စိနာနေသဖြင့် မျက်စဉ်းဆေးရည်ခတ်နေသည်ကို တွေ့မြင်ရစဉ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များတွင် မျက်စိနာရောဂါ အဖြစ်များနေကြောင်း သိရှိရသည်။

မျက်စိ‌နာ‌ရောဂါသည် စက်တင်ဘာလ ပထမအပတ်မှစပြီး စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး စာသင်ကျောင်းများတွင် ကူးစက်မှုများလည်း ရှိနေကြောင်း ကျောင်းသားမိဘအချို့က ဆိုသည်။

“အိမ်မှာဆိုရင် မူကြိုတက်နေတဲ့ အငယ်ဆုံးကလေးက စပြီးဖြစ်တာ တစ်အိမ်သားလုံးကူးကြတာပဲ” ဟု မြိတ်မြို့၊ သာကေတရပ်နေ အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ တစ်အိမ်သားလုံး ကူးစက်ကြသည့်အတွက် ပုဂ္ဂလိကဆေးခန်းတစ်ခုသို့ သွားရောက်ပြသခဲ့ရာ မျက်စိနာရောဂါဖြင့် လာရောက်ပြသူ တော်တော်များများ တွေ့ရှိရကြောင်း အသက် ၄၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောပြသည်။

မျက်စိနာမှာ ပိုးရှိသည့် မျက်ရည်များ၊ မျက်ဝတ်များကို ထိတွေ့မိရာမှ တစ်ဦးမှတစ်ဦးသို့ ကူးစက်ခြင်းဖြစ်ပြီး မျက်လုံးကို ပိုးရှိသည့်လက်၊ အဝတ်တို့ဖြင့် ကိုင်တွယ်မိခြင်းကြောင့် ကူးစက်ခြင်းဖြစ်ကြောင်း မျက်စိဆရာဝန်တစ်ဦးက ပြောပြသည်။

မျက်စိနာဖြစ်ပါက သန့်ရှင်းသည့် ခွက်တစ်ခုထဲသို့ ရေသန့်ထည့်ပြီး မျက်လုံးကိုစိမ်ကာ အဖွင့်အပိတ်များ လုပ်ပေးခြင်းဖြင့် သက်သာနိုင်ကြောင်း မျက်စိဆရာဝန်က ပြောပြသည်။

မျက်စိနာရောဂါ ဆိုးရွားစွာခံစားရပါက ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်း(ဆရာဝန်)တို့ထံ သွားရောက်ပြသပြီးမှသာ မျက်စဉ်းဆေးခတ်သင့်ကြောင်း ၎င်းက ပြောပြသည်။

“ဆရာဝန်က သောက်ဆေးတွေ ပေးလိုက်တယ်၊ တစ်နေ့ကို ရေနှစ်ကြိမ် သုံးကြိမ်ပုံမှန် ချိုးပေးရမယ်လို့ မှာလိုက်သေးတယ်” ဆေးခန်းအား သွားရောက်ပြသူ သာကေတရပ်နေ အမျိုးသားက ပြောသည်။

ထို့ပြင် မုန့်ပဲသရေစာများ ရောင်းချနေသူ အမျိုးသမီးတစ်ဦးက ‌မုန့်ရောင်းရင်း မျက်စိနာ ကူးစက်ခံရသဖြင့် သုံးရက်ခန့် မုန့်အရောင်း နားခဲ့ရကြောင်း ပြောပြသည်။

မြိတ်မြို့ရှိ စာသင်ကျောင်းအချို့တို့တွင်လည်း မျက်စိနာရောဂါများ ဖြစ်ပေါ်နေရကြောင်း ကျောင်းသားမိဘအချို့ကဆိုသည်။