ထိုင်းတွင် မြန်မာလုပ်သားများ လုပ်အားခ မရသဖြင့် အလုပ်ရှင်ကို အမှုဖွင့်

0
1038

ထိုင်းနိုင်ငံ မြန်မာအလုပ်သမား ၁၉ဦး သည် လုပ်အားခ ဘတ် သုံးသိန်းခန့် မရရှိခဲ့သဖြင့် အလုပ်ရှင်ကို ယနေ့ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း အလုပ်သမားများနှင့် ကူညီဆောင်ရွက်ပေးနေသော WAG အဖွဲ့တို့ထံမှ သိရသည်။

မြန်မာ အလုပ်သမားများသည် လွတ်ဘူရီခရိုင် ခွန်တူဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းဆိုဒ်တစ်ခုတွင် အလုပ် လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

အလုပ်လုပ်ရက် ၄၅ ရက်ရှိပြီဖြစ်သော်လည်း ထိုင်းအလုပ်ရှင်ဘက်က အကြောင်းအမျိုးမျိုးပြ၍ လုပ်အားခ ထုတ်မပေးကြောင်း အလုပ်သမားများက ပြောသည်။

ထို့ကြောင့် WAG အဖွဲ့ထံသို့ အကူအညီတောင်းခံခဲ့ပြီး လွတ်ဘူရီခရိုင်ရှိ အလုပ်သမားကာကွယ်စောက်ရှောက်ရေးရုံး (ဆဝါဒီကန်) တွင် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း WAG အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ဆိုသည်။

“အလုပ်သမားတွေက (တရားမဝင်) ခိုးလမ်းကတက်လာတယ်။ ဘတ်တွေ (အလုပ်လုပ်ခွင့်လက်မှတ်) ရိုက်ထားတယ်။ ပြီးတော့ သူတို့တွေက ဘတ်ရိုက်ခတွေ ဖြတ်တယ်။ ချေးငွေတွေ ထုတ်ပေးထားတယ်ဆိုပြီး မြန်မာတွေကို လုပ်အားခရှင်းမပေးတာ” ဟု ၎င်းက ပြောဆိုသည်။

အမှုကို မနက်ဖြန် စက်တင်ဘာလ ၂၆ ရက်နေ့သို့ ချိန်းဆိုထားကြောင်း ၎င်းကဆိုသည်။

ယနေ့ အမှုဖွင့်စဉ်ကလည်း အလုပ်သမားခေါင်းဆောင်ဖြစ်သူက ရုံးသို့လာရောက်၍ အလုပ်သမားများနှင့် ညှိနှိုင်း၍ ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့ပြီး အခြေအနေကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ကိုမုန်တိုင်းက ပြောသည်။

လုပ်အားခမရသည့်အတွက် လက်ရှိတွင် အလုပ်နားထားပြီး လုပ်အားခပြန်ရမှသာ အလုပ်ပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း မြန်မာအလုပ်သမားများက ပြောဆိုသည်။

အလုပ်သမားများသည် အထောက်အထားရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ လုပ်အားခမရရှိပါက မြန်မာအလုပ်သမားအဖွဲ့အစည်းများကို အကူအညီတောင်းခံနိုင်သကဲ့သို့ အလုပ်သမားကာကွယ်စောင့်ရှောက်ရေးရုံးထံတွင်လည်း တိုင်ကြားနိုင်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။