ထိုင်းဒုရဲချုပ်နေအိမ်ကို ဆိုင်ဘာရဲတပ်ဖွဲ့ ဝင်စီး

0
1282

အွန်လိုင်းလောင်းကစားတွင် ပါဝင်ပတ်သက်သည်ဟုဆိုကာ ထိုင်းနိုင်ငံ ဒုရဲချုပ်တစ်ဦး၏ နေအိမ်ကို ဆိုင်ဘာမှုခင်းစုံစမ်းစစ်ဆေးရေးဌာန (CIBB) က ယနေ့ (စက်တင်ဘာ ၂၅) တွင် ဝရမ်းဖြင့် ဝင်ရောက်ရှာဖွေစီးနင်းခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

အွန်လိုင်းလောင်းကစားပြုလုပ်နေသောဆိုဒ်များတွင် ပါဝင်နေသည်ဟု စွပ်စွဲချက်ဖြင့် ထိုင်းနိုင်ငံ ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate နေထိုင်ရာ ဘန်ကောက်မြို့ရှိ နေအိမ်ကို နံနက်ပိုင်းတွင် ဝရမ်းထုတ် ရှာဖွေခဲ့ခြင်းဖြစ်သည်။

အဆိုပါစီးနင်းမှုတွင် ဆိုင်ဘာရဲတပ်ဖွဲ့များအပြင် အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဌာနမှ ရဲတပ်ဖွဲ့များနှင့် မြို့တော်ကွန်မန်ဒိုတပ်ဖွဲ့များလည်း ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ဝရမ်းထုတ်ရှာဖွေစီးနင်းမှုတွင် ရဲကလပ်၏ အနောက်ရှိ နေအိမ်ငါးလုံးပါဝင်နေပြီး ထိုအိမ်များသည် ရဲဗိုလ်ချုပ်ကြီး Surachate က သူ့လက်အောက်ငယ်သားများအတွက် ဝယ်ပေးထားသော အိမ်များဖြစ်ကြောင်း ဖော်ပြထားသည်။

ရဲဗိုလ်ချုပ်ကြီး Surachate နေအိမ်တွင်ရှိနေချိန် နံနက် ၈ နာရီအချိန်ခန့်တွင် ဆိုင်ဘာရဲတပ်ဖွဲ့များ ရောက်ရှိလာခဲ့ပြီး သူက တီရှပ်အဖြူလေးနှင့် ဘောင်းဘီတစ်စုံဖြင့် ထွက်တွေ့ခဲ့ကြောင်း ဖော်ပြထားသည်။

ရဲဗိုလ်ချုပ်ကြီး Surachate သည် သူက ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၏ ဒုဗိုလ်မှူးကြီးရာထူးကို ထောက်ပြ၍ ဆိုင်ဘာရဲတပ်ဖွဲ့များကို အိမ်တွင်း ဝင်ရောက်စစ်ဆေးရန် ကနဦး ငြင်းဆန်ခဲ့ကြောင်း ဖော်ပြထားသည်။

နောက်ဆိုင်ဘာရဲတပ်ဖွဲ့များကလည်း CCIB ကော်မရှင်နာဖြစ်သော ဒုရဲဗိုလ်ချုပ်ကြီး Voravat Watnakhonbancha ၏ အလာကို စောင့်ဆိုင်းခဲ့ရကာ ၎င်းမှတဆင့် ဝရမ်းကို ရှင်းပြခဲ့ပြီးနောက် အိမ်တွင်းသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။

ယနေ့ စစ်ဆေးမှုတွင် ရဲဗိုလ်ချုပ်ကြီး Surachate အိမ်အပါအဝင် ဘန်ကောက်နှင့် အခြားခရိုင်များရှိ အိမ် ၃၀ ပါဝင်ခဲ့ပြီး ၎င်းအိမ်များသည် သူ၏ လက်အောက်ရဲအရာရှိများ၏ အိမ်များ ဖြစ်နေကြောင်းဖော်ပြထားသည်။

အားလုံးကို ဘတ် ၁ ဘီလီယံခန့်ဖြင့် လည်ပတ်နေသော လာအိုရှိ အွန်လိုင်းလောင်းကစားပြုလုပ်မှုများတွင် ပါဝင်နေသည်ဟု စွပ်စွဲချက်ဖြင့် ဝရမ်းထုတ် ရှာဖွေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါကိစ္စနှင့်ပက်သက်၍ တရားရုံးက ရှာဖွေစစ်ဆေးရန်နှင့် ဝရမ်းထုတ်ဖမ်းဆီးရန် လက်ခံပေးဖို့ သက်သေအလုံအလောက်ကို ငွေကြေးစီးဆင်းမှုကွန်ရက်တစ်ခုလုံးကို စုံစမ်းစစ်ဆေးနေခဲ့သော CIBB ရဲတပ်ဖွဲ့က တွေ့ရှိထားကြောင်း ဖော်ပြထားသည်။

ယခု “ရှင်းလင်းရေးနေ့” ဟု အမည်ပေးထားသော ဝင်ရောက်စီးနင်းမှုတွင် ဒုရဲချုပ်ကြီး Surachate လက်အောက်ရှိ ရဲဗိုလ်ချုပ်နှင့် ရဲမှူးကြီးရာထူးများအပါအဝင် အရာရှိအများအပြားကို ဖမ်းဆီးခဲ့ပြီး ဘန်ကောက်မြို့တော် ရဲဌာန အမှတ် ၅ သို့ စစ်ဆေးမေးမြန်းရန် ခေါ်ယူခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော် ဒုရဲချုပ် ရဲဗိုလ်ချုပ်ကြီး Surachate သည် နိုင်ငံတော်၏ ဒုရဲချုပ် ၄ ဦးအနက် တစ်ဦးဖြစ်ပြီး လာမည့် စက်တင်ဘာလအကုန်တွင် အနားယူမည့် နိုင်ငံတော် ရဲချုပ် Damrongsak Kittiprapas ၏ နေရာဆက်ခံရန်အတွက် သင့်လျော်သော သူတစ်ဦးဖြစ်ကြောင်း ဖော်ပြထားသည်။

ရဲဗိုလ်ချုပ်ကြီး Surachate က သူ့လက်အောက်ငယ်သား ၆ ဦးအထိ အွန်လိုင်းလောင်းကစားမှုတွင် ပါဝင်မှုဖြင့် ဝရမ်းထုတ်ခံထားရပြီး ၎င်းတို့ အပြစ်မရှိကြောင်းကို သက်သေပြသွားမည်ဟု သတင်းထောက်များကို ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် အွန်လိုင်းလောင်းကစားအမှုနှင့် သက်ဆိုင်သည်ဟု စွပ်စွဲချက်ဖြင့် အရာရှိများနှင့် ပြည်သူ ၁၁ ဦးကို ဖမ်းဆီးထားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

၎င်း၏ အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပြီးနောက် တရားမဝင် အရိပ်အယောင်များ မတွေ့ရှိရကြောင်းနှင့် အွန်လိုင်းလောင်းကစားမှုများမှ ငွေကြေးရယူထားခြင်းမရှိဘဲ ၎င်းဝက်ဆိုက်များကို ဖိနှိပ်ရန်အတွက် လုပ်ဆောင်ခဲ့ခြင်းသာ ရှိကြောင်း ၎င်းကဆိုသည်။

နောက် သတင်းထောက်များက နိုင်ငံတော် ရဲချုပ်ရာထူးအတွက် စိုးရိမ်မှုရှိမရှိ မေးမြန်းရာ သူက ကိုယ်စားလှယ်လောင်းတစ်ဦး မဟုတ်ကြောင်းသာ ဖြေကြားခဲ့ပြီး ရှာဖွေမှုအပြီးတွင် ပုံမှန်အတိုင်း အလုပ်သွားရန် ပြင်ဆင်နေခဲ့ကြောင်း ဖော်ပြထားသည်။

အဆိုပါစစ်ဆေးမှုသည် အွန်လောင်းလောင်းကစားမှုအတွက် ဖြန့်ကျက်စုံစမ်းမှုတစ်ခုသာဖြစ်ပြီး သံသယရှိသူများသည် ရဲဗိုလ်ချုပ်ကြီး Surachate ၏ နေအိမ်တွင် နေထိုင်သည်ဟု စုံစမ်းရေးအဖွဲ့က ယုံကြည်ထားကြောင်း CIBB ၏ ကော်မရှင်နာ ဒုရဲဗိုလ်ချုပ်ကြီးတစ်ဦးက ပြောကြားခဲ့သည်။

Ref: Bangkok Post, Thai Enquirer