တနင်္သာရီ ဇဝဲတပ်ရင်း လက်နက်ကြီးဖြင့် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခံရ

0
2063

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ဇဝဲတပ်ရင်းကို လက်နက်ကြီးဖြင့် နှစ်ကြိမ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ယနေ့ စက်တင်ဘာလ ၂ဝရက်တွင် ထုတ်ပြန်သည်။

ပြည်ထောင်စုလမ်းပေါ်က ဇဝဲရွာရှိ အမှတ် ၅၅၆ ခြေမြန်တပ်ရင်းကို စက်တင်ဘာလ ၁၉ ရက်နေ့က မြိတ်ခရိုင်တပ်ရင်း (၂) နှင့် တနင်္သာရီပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းကာပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လက်နက်ကြီးကျည် တပ်ရင်းအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာရသူများကို အရေးပေါ်လူနာတင်ယာဉ် နှစ်စီးဖြင့် မြိတ်မြို့သို့ သယ်ဆောင်သွားကြောင်း ဖော်ပြသည်။

ဒေသခံများကို မေးမြန်းစုံစမ်းချက်အရ မွန်းလွဲ ၂ နာရီခွဲဝန်းကျင်တွင် ဇဝဲတပ်ရင်းအနီး ကျယ်လောင်သည့် ပေါက်ကွဲသံကြားရကြောင်း ဆိုသည်။

“ပေါက်ကွဲသံက အကျယ်ကြီးပဲ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးတာဝန်ခံ ဗိုလ်စတား က ပုလောအတွက် သွေးကြွေးဆပ်ခြင်း ဖြစ်ပါကြောင်း ၎င်း၏ FB တွင်ရေးသားထားသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် မှော်တုန်းအနောက်ကမ်းနှင့် ဖာနီကျေးရွာဖက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခများထံမှ သိရသည်။

အမှတ် ၅၅၆ တပ်ရင်းသည် ဇဝဲလမ်းဆုံတွင် ဂိတ်ချထားပြီး မြိတ်မှ တနင်္သာရီ၊ ဘုတ်ပြင်း၊ ကော့သောင်း၊ မောတောင် စသော မြို့များသို့ သွားသည့်ယာဉ်များကို အဓိကစစ်ဆေးနေသည့် ဂိတ်တစ်ခုဖြစ်သည်။

ဇဝဲဂိတ်မှ နေ၍ တကူ၊ သရဘွင် တိုက်နယ်သို့လည်း ဆန်ဆီရိက္ခာနှင့် ခရီးသည်သွားလာခွင့်ကိုလည်း အဆိုပါဂိတ်က ပိတ်ထားသည်မှာ တစ်ပတ်ကျော်လာပြီဖြစ်ပြီး အခြေခံစားသောက်ကုန်များ ပြတ်လပ်လာနေဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။