စစ်သင်္ဘောတွေနဲ့ပါတိုက်ခိုက်လာတဲ့ ပုလောတိုက်ပွဲ  

0
4787
ပုံစာ – စစ်ရေးလေ့ကျင့်နေသည့် စစ်ကောင်စီတပ် စစ်သင်္ဘောတစ်စီး

ပုလောမြို့နယ် လက္ကူးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေ အသည်းအသန်ဖိနေတာ သီတင်းပတ် တစ်ပတ်ကျော်ရှိနေပါပြီ။

မြေပြင်ကို စစ်ကြောင်းမထိုးခင်နဲ့ စစ်ကြောင်းထိုးနေချိန်တွေမှာ အထိုင်စခန်းတွေကနေ လက်နက်ကြီးပစ်ကူတွေ ပေးတဲ့အပြင် ရေတပ်စစ်သင်္ဘောတွေပါသုံးပြီး အပြင်းအထန်တိုက်ခိုက်နေတာပါ။

ဒီထဲက မြဒေါင်ရွာမှာ ပြည်သူ့ကာကွယ်ရေးရဲဘော် ခုနစ်ဦး ထက်မနည်းကျဆုံးသွားတဲ့ဖြစ်ရပ်ဟာ လက္ကူးရွာ အုပ်စုထဲမှာဖြစ်နေတဲ့ တိုက်ပွဲတွေမှာ PDF အများဆုံး ကျဆုံးသွားတဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။

ပုလောမြို့ တောင်ဘက်စွန်းစွန်းမှာရှိတဲ့ တံငါရွာတစ်ပိုင်းဖြစ်တဲ့ လက္ကူးအုပ်စုကို စစ်ကောင်စီတပ်က ကုန်းပေါ်ကနေရော ပင်လယ်ထဲကပါ ပိတ်ဆို့ပြီး ဘာကြောင့် အခုလို ဖိနေတာပါလဲ။

စစ်ကြောင်းမထိုးမီ

စစ်ကြောင်းမထိုးမီ လေးရက်အလို စက်တင်ဘာလ ၇ရက်နေ့မှာ လက္ကူးကျေးရွာအနီးဝန်းကျင် ညှင်းဖို ညှင်းမကျွန်း ကမ်းနီးမှာ ငါးခိုးဖမ်းနေတဲ့ ကမ်းဝေးငါးဖမ်းလှေ ခုနစ်စီးကို ပုလောပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) က ဖမ်းဆီးအရေးယူခဲ့ပါတယ်။

ဒီလိုဖမ်းတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

လှေဦးစီးခေါ် ပဲ့နှင်း ခုနစ်ဦးကို ဖမ်းဆီးလာတဲ့အချိန်မှာ ပုလောပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း (၁) နဲ့ စစ်ကောင်စီ ရေတပ်စစ်သင်္ဘောတို့ ပင်လယ်ပြင်ထဲမှာ ထိပ်တိုက်တွေ့ပြီး နှစ်ဖက်ပစ်ခတ်မှု မိနစ် ၂၀ လောက် ကြာမြင့်ခဲ့ပါတယ်။

ပင်လယ်ထဲမှာ စစ်သင်္ဘောနဲ့ PDF တို့ ပထမဆုံးအကြိမ် ထိတွေ့ပစ်ခတ်မှုဖြစ်တာပါ။ ဒီလို ထိတွေ့မှုအပြီးမှာ စစ်သင်္ဘောနှစ်စီး ထပ်တိုးရောက်လာလို့ ပုလောပင်လယ်ပြင်မှာ စစ်သင်္ဘော သုံးစီးအထိ ဖြစ်လာပါတယ်။

စက်တင်ဘာလ ၈ ရက်နေ့မှာတော့ ပုလောမြို့နဲ့ ငါးမိုင်ကျော်လောက်ပဲ ဝေးတဲ့ ပလမြို့ တိုတောင်ပေါ် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ စစ်သင်္ဘောကနေ လက္ကူးကျေးရွာအုပ်စုထဲကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

လက္ကူးရွာမှာ လက်နက်ကြီးကျည်လေးလုံး၊ မြဒေါင်ရွာမှာ လေးလုံးနှင့် ပြင်းဖြူရွာမှာ နှစ်လုံးကျရောက်ပေါက်ကွဲ ပြီးတော့ အသက် ၂ဝ ကျော်အရွယ် လူငယ်တစ်ဦးသေဆုံးခဲ့ရသလို ကလေးတစ်ဦးအပါအဝင် ငါးဦးလည်း ဒဏ်ရာ ရခဲ့ပါတယ်။

စစ်ကြောင်းစထိုးပြီ

လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး သုံးရက်အကြာ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၅နာရီခွဲလောက်မှာ အင်အား ၃၀လောက်ပါတဲ့ စစ်ကောင်စီတပ်ဟာ လက္ကူးကျေးရွာအုပ်စုကို စတင်စစ်ကြောင်းထိုးလာပါတော့တယ်။

မြဒေါင်ရွာကို အရင်ဆုံးဝင်ပြီးနောက် ပိတပ်ရွာကို ဆက်ဝင်ချိန်မှာ တိုက်ပွဲစတင်ဖြစ်ပွားပါတယ်။ ဒေသခံတွေကတော့ ဘေးလွတ်ရာ တိမ်းရှောင်သွားကြပါပြီ။

ပိတပ်ရွာမှာ နံနက် ၆ နာရီလောက်ကနေ မွန်းလွဲပိုင်းအထိ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ခုနစ်နာရီကြာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားပြီးနောက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ ပလမြို့ဖက်ကို ပြန်ဆုတ်သွားပါတယ်။

ပိတပ်ရွာထဲမှာ အိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်မွှေနှောက် ဖျက်ဆီးသွားသလို ပုန်းနေတဲ့ ကိုရုပ်ဆိုးအမည်ရ ရွာသားတစ်ဦးကိုလည်း ပစ်သတ်သွားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အရာရှိတစ်ဦး ကျဆုံးပြီး လေးဦးလောက် ဒဏ်ရာရတယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်ဘက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း ပလ တိုတောင်ပေါ်နဲ့ ပင်လယ်ထဲက စစ်သင်္ဘောတွေက လက်နက်ကြီးပစ်ကူပေးခဲ့သလို ညပိုင်းတွေ မှာလည်း လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

“လက်နက်ကြီးတွေ ထောင်းလိုက်တာမှ ရေထဲရော ကုန်းပေါ်ပါထောင်းတာ” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

စစ်ကြောင်းဆုတ်ချိန်မှာ ဒေသခံ ၁၅ဦးကို လူသားဒိုင်းပုံစံမျိုး ဖမ်းခေါ်သွားပေမယ့် အမျိုးသမီးတွေကို ပြန်လွှတ်ပေးခဲ့ ပါတယ်။ အမျိုးသားတွေကိုတော့ သုံးရက်ကြာမှ ငွေငါးသိန်းစီတောင်းယူပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စက်တင်ဘာလ ၁၂ရက်နဲ့ ၁၃ ရက်နေ့တွေမှာတော့ ပစ်ခတ်တာတွေ မရှိဘဲ ငြိမ်သက်နေခဲ့ပါတယ်။ နောက်တစ်ရက်မှာတော့ စစ်ကောင်စီတပ် အင်အား တစ်ရာလောက်အထိ တိုးမြှင်ထားတဲ့ စစ်ကြောင်းဟာ လက္ကူးအုပ်စုထဲကိုပဲ ထပ်ထိုးလာပြန်ပါတယ်။

မှော်ကြောင်းရွာကို စဝင်ချိန်မှာ နှစ်ဖက်တိုက်ခိုက်မှုဖြစ်ပွားပါတယ်။ နောက်တစ်ရက် စက်တင်ဘာလ ၁၅ ရက်နေ့ မနက်မှာတော့ လက္ကူးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာပါတယ်။ ရောက်ရောက်ခြင်းပဲ ရွာသားတစ်ရာကျော်ကို ဘုန်းတော်ကြီးကျောင်းမှာ ဖမ်းဆီးစစ်ဆေးပါတယ်။

ပုံစာ – လက္ကူးရွာ စက်တင်ဘာလ ၁၅ ရက်က မီးရှို့ခံရချိန်

တစ်ပြိုင်တည်းမှာပဲ PDF နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲပြီး နေအိမ် လေးဆောင်ကို မီးရှို့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ မီးရှို့မှုကြောင့် အိမ်ကြီးအိမ်ကောင်း တစ်ဒါဇင်ကျော် မီးလောင်ကျွမ်းပျက်စီးခဲ့ရပါတယ်။

“အရှို့ခံရတာက အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ။ လူတွေက အကုန်ပြေးကြတော့ အိမ်ထဲမှာရှိတဲ့ ပစ္စည်းတွေ ဘယ်သူယူလို့ ယူမှန်းမသိ အကုန်ဆုံးကုန်ကြတယ်ပြောတယ်” လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

အဲဒီနေ့နဲ့ နောက်တစ်ရက် စက်တင်ဘာလ ၁၆ ရက်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ကုန်းပေါ်နဲ့ ပင်လယ်ကမ်းနားတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်နေခဲ့တယ်လို့ ဆိုပါတယ်။

“တမနက်တည်း နှစ်ဖက်ညှပ်ပစ်တာ လက်နက်ကြီး အလုံးရှစ်ဆယ်ကျော်တယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောဆိုပါတယ်။

အဲဒီအချိန်မှာ PDF ဘက်မှာလည်း မဟာမိတ်ပူးပေါင်းတပ်တွေ ပါဝင်လာပြီလို့ PDF ဘက်က ထုတ်ပြန်ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ငါးဦး သေဆုံးပြီး PDF ရဲဘော်တစ်ဦး ဒဏ်ရာရတယ်လို့ PDF ဘက်က ထုတ်ပြန်ပါတယ်။ ပြည်သူတစ်ဦးဖြစ်တဲ့ အသက် ၄၈နှစ်အရွယ် ဦးသန်းဇော်လည်း လက်နက်ကြီးကျည်စထိမှန် သေဆုံးခဲ့ရပါတယ်။

ဖမ်းဆီးထားတဲ့ လက္ကူးရွာသားတွေကို စက်တင်ဘာလ ၁၆ရက်မှာ ပြန်လွှတ်ပေးခဲ့ပြီး စက်တင်ဘာလ ၁၇ ရက် မနက်မှာ စစ်ကောင်စီတပ်စစ်ကြောင်းဟာ မှော်ကြောင်းရွာကို ပြန်ဆုတ်သွားပါတယ်။

“လက်နက်ကြီးတွေကတော့ ပင်လယ်ထဲကရော ကုန်းပေါ်ကပါ ထုတုန်းပဲ” ဟု အဲဒီနေ့ မနက်အခြေအနေကို ဒေသခံတစ်ဦးက ပြောပြပါတယ်။

အဲဒီနေ့မှာပဲ ပုလော ပင်လယ်ဝက ကျေးရွာတစ်ရွာဖြစ်တဲ့ ပြင်းဖြူကျေးရွာမှာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့ပါသေးတယ်။ ပြင်းဖြူမှာလည်း နေအိမ်အိမ် သုံးလုံးမီးရှို့ခံရပါတယ်။ အဲဒီရွာက မိသားစုဝင် လေးဦးလည်း ပစ်သတ်ခံခဲ့ရပါတယ်။

အထိအခိုက်များတဲ့ မြဒေါင်ဖြစ်ရပ်

ဆုတ်သွားတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ မြဒေါင်ရွာကို စက်တင်ဘာလ ၁၈ ရက် မနက် ၈နာရီလောက်မှာ ပြန်လာဝိုင်းပြန်ပါတယ်။ အိမ်တချို့ကို မီးရှို့ပြီးနောက်မှာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားတယ်လို့ သိရပါတယ်။

ရွာထဲမှာ PDF တပ်ဖွဲ့ဝင်တချို့နဲ့ ဒေသခံတချို့ပဲရှိနေခဲ့တယ်လို့ တော်လှန်ရေးအင်အားစုများနှင့် နီးစပ်သူတချို့ဆီကနေ သိရပါတယ်။

ပုလော ၂၈၅ တပ်ရင်းကနေ လက်နက်ကြီးနဲ့ မြဒေါင်ရွာကို ပစ်ခတ်ခဲ့သလို ပင်လယ်ထဲမှာ စောင့်နေတဲ့ စစ်သင်္ဘောတွေကလည်း အမြောက်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲ တစ်နာရီလောက် ကြာပြီးနောက်မှာ ကျည်ကုန်လို့ ပိတ်မိနေတဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်နှင့်နီးစပ်သူ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“နေအိမ်ထဲမှာ ပိတ်မိသွားတယ်လို့ ကြားရတယ်” လို့ သူက ဆိုပါတယ်။

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာတော့ မြဒေါင်ရွာတိုက်ပွဲအတွင်း PDF ခုနစ် ဦးကျဆုံးပြီး M-4 သေနတ် ငါးလက်၊ M-16 သေနတ် တစ်လက်၊ AK သေနတ် တစ်လက်၊ ကျည်အိမ် ခုနစ်ခု သိမ်းဆည်းရမိတယ်လို့ ဖော်ပြကြပါတယ်။ နောက် ချန်နယ်တချို့မှာတော့ ၁၄ ဦးအထိ ကျဆုံးတယ်လို့ ဖော်ပြနေကြပါတယ်။

ပုံစာ – မြဒေါင်ရွာဖြစ်စဉ်မှာ သိမ်းဆည်းရမိတဲ့ လက်နက်တွေဖြစ်တယ်လို့ တယ်လီဂရမ်ချန်နယ်တွေမှာ ဖော်ပြထားတဲ့ ဓာတ်ပုံ။

ဒါကို အတည်ပြုဖို့ မြိတ်ခရိုင်တပ်ရင်း (၁) ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူထံ Dawei Watch က စက်တင်ဘာလ ၁၉ ရက်က ဆက်သွယ်မေးမြန်းရာ စစ်ရေးအခြေအနေ မတည်မငြိမ် ရှုပ်ထွေးနေဆဲဖြစ်လို့ သေချာအောင် အတည်ပြုပြီးမှ တရာဝင် ထုတ်ပြန်ပေးသွားမယ်လို့ ဖြေကြားပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်တွေထဲမှာအနည်းဆုံးရွာလေးရွာက လူငယ်တွေပါဝင်တယ်လို့ ဒေသခံတချို့ဆီကနေ သိရပါတယ်။

စစ်ကောင်စီတပ် မြဒေါင်ရွာကနေ ပြန်အထွက်မှာ မိုင်းနင်းမိလို့ စစ်ကောင်စီတပ်သား ဆယ်ဦးခန့် ထိခိုက်ဒဏ်ရာရပြီး တချို့သေဆုံးနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

လက္ကူးရွာအုပ်စုကို ဘာလို့ဖိနေတာလဲ

လက္ကူးကျေးရွာအုပ်စုဟာ ပုလောမြို့တောင်ဖက်စွန်း ကုန်းမြေတဆက်စပ်တည်းရှိပြီး ပင်လယ်ဝပေါ်မှာ တည်ရှိတဲ့ ကျေးရွာအုပ်စုဖြစ်ပါတယ်။

ပုလောမြို့နဲ့ ပလမြို့ကြားမှာတည်ရှိပြီး ပုလောမြို့နဲ့ သုံးမိုင်လောက်ပဲဝေးပါတယ်။ ပုလောမြို့ကို ကျေးရွာချင်းဆက် ကွန်ကရစ်လမ်း ဖောက်ထားတာကြောင့် ကားဆိုင်ကယ်တွေနဲ့ သွားရင် မိနစ်ပိုင်းအတွင်း ရောက်နိုင်ပါတယ်။

တစ်နည်းအားဖြင့် လက္ကူးကျေးရွာအုပ်စုကို PDF တွေ ထိန်းချုပ်နိုင်ရင် ပုလောမြို့ကို ဝင်ရောက်တိုက်ခိုက်တာတွေ လုပ်လာနိုင်တဲ့ အနေအထားဖြစ်လို့ ပထဝီအနေအထားအရ အရေးပါပါတယ်။

တနင်္သာရီတိုင်းမှာ ပုလောနဲ့ တနင်္သာရီမြို့နယ်တွေဟာ စစ်ရေးပဋိပက္ခပြင်းထန်တဲ့အတွက် စစ်အုပ်ချုပ်ရေးကြေညာပြီး စစ်ကောင်စီက ထိန်းချုပ်ဖို့ကြိုးပမ်းနေပေမယ့် ပုလောစစ်ရေးအခြေအနေက ပိုပြီးပြင်းထန်လာပါတယ်။

၂၀၂၃ နှစ် အစကတည်းက ပုလောမြို့တွင်းသို့ PDF တချို့ဝင်ရောက်ပြီး ဌာနဆိုင်ရာရုံးတွေကို တိုက်ခိုက်ခြိမ်းခြောက် လာခဲ့သလို ပြီးခဲ့တဲ့လအတွင်းကလည်း ပလမြို့ရဲစခန်းကပ်လျက် စစ်ကောင်စီနဲ့ပတ်သက်တဲ့ နေအိမ်နှစ်ဆောင်ကို မီးရှို့တာ မိုင်းခွဲတာတွေ လုပ်ခဲ့ပါတယ်။

ပလမြို့ဆိုတာ ပုလောမြို့နဲ့ ငါးမိုင်လောက်ပဲ ဝေးပါတယ်။ ပလမြို့ကို PDF တွေ ဝင်ထွက်သွားလာ လှုပ်ရှားနေတာ ကြောင့် စစ်ရေးပဋိပက္ခဟာ ပုလောမြို့အနီးတဝိုက်ကို တစ်စတစ်စနဲ့ ခြိမ်းခြောက် ရောက်လာနေတာပါ။

ပြည်သူ့ကာကွယ်ရေးတပ်များကို မထိန်းချုပ်နိုင်သေးတာကြောင့် အရင်က ငါးဖမ်းလှေဖမ်းတာ၊ မသင်္ကာသူတွေကို စစ်ဆေးတာပဲ လုပ်နေတဲ့ စစ်သေင်္ဘာတွေကိုပါ တိုက်ပွဲထဲ ဆွဲသွင်းလာတာလို့ ထောက်ပြမှုတွေ ရှိပါတယ်။

လက္ကူးရွာအုပ်စုဟာ ပုလောတပ်၊ ပလတပ်၊ ရေတပ် သုံးခုစလုံးနဲ့ လက်လှန်းမီနေတာကြောင့် ယခုလို အင်အား အလုံးအရင်းနဲ့ ကြည်း၊ ရေ ညှပ်တိုက်တာဖြစ်တယ်လို့ ပုလောစစ်ရေးလေ့လာ သုံးသပ်သူတစ်ဦးက ပြောပါတယ်။

ပုလောအခြေအနေဟာ ကြည်းတပ်တစ်ခုတည်းနဲ့ မထိန်းချုပ်နိုင်တော့လို့ ရေတပ်ရဲ့ စစ်သင်္ဘောတွေကိုပါ အသုံးပြုလာတာလို့ မှတ်ချက်ပေးပါတယ်။

“ကြည်းတပ်က မနိုင်တော့ အခု ရေတပ်ပါလာပြီ။ နောက်ဆိုလေတပ်ပါ ကူလာမဲ့သဘောရှိတယ်။ လေယာဉ်တွေ လာလည်းလာဝဲနေတယ်။ (PDF) ဖက်ကတော့ လုံးဝလျှော့မယ်မထင်ဘူး”

အရပ်သားပြည်သူထိခိုက်မှုအခြေအနေ

  • ၆ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
  • လက္ကူးနဲ့ ပိတပ်ရွာက လူ ၁၁၅ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရ။
  • လက္ကူးမှာ နေအိမ် ၁၂လုံး၊ မြဒေါင်မှာ နေအိမ် ၅လုံး၊ ပြင်းဖြူရွာမှာ နေအိမ်သုံးလုံး စုစုပေါင်း နေအိမ် အလုံး ၂၀ မီးရှို့ခံရ။