ကွမ်းသီးဈေးမရသဖြင့် ထားဝယ်ဒေသက ကွမ်းသီးစိုက်တောင်သူများအခက်ကြုံ 

0
1161

ကွမ်းသီးဈေးမရသောကြောင့် ကွမ်းသီးစိုက်တောင်သူများ အခက်အခဲကြုံနေရကြောင်း ဒေသခံတောင်သူများက ပြောသည်။

ကွမ်းသီးစမှည့်နေပြီဖြစ်သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် ကွမ်းသီးအဝယ်တော်များ နယ်ဖက်သို့ လာရောက်ခြင်း မရှိသေးကြောင်း ရေဖြူနှင့် သရက်ချောင်းမြို့နယ်တို့မှ တောင်သူများ၏ ပြောဆိုချက်အရသိရသည်။

ကွမ်းသီးဈေးမရသဖြင့် ကွမ်းသီးတောများကို ပစ်ထားရသလို စစ်ကောင်စီတပ် ရုတ်တရက် စစ်ကြောင်းဝင်ရောက်မှု များကြောင့်လည်း ကွမ်းသီးတောများသို့ မသွားရဲကြကြောင်း ဒေသခံတောင်သူတို့က ဆိုသည်။ 

စစ်ကောင်စီတပ် ရုတ်တရက်စစ်ကြောင်းထိုးဝင်ရောက်ပြီး တိုက်ပွဲများဖြစ်ပွားသည့်အပြင် ဒေသခံများကိုလည်း ပစ်ခတ်ဖမ်းဆီးသောကြောင့် ရေဖြူမြို့နယ်တွင် ခမောင်းချောင်း၊ ဧကနိ၊ ရငဲကျေးရွာများနှင့် သရက်ချောင်း မြို့နယ်တွင် တောင်ပျောက်တိုက်နယ်တို့တွင် ဒေသခံများ ထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထွက်ပြေးတိမ်းရှောင်နေရသူများမှာ ကွမ်းသီးလုပ်ငန်းလည်း မလုပ်ကိုင်နိုင်ကြကြောင်း ၎င်းတို့က ဆိုသည်။

“(ကွမ်းသီးတွေ) မှည့်ပြီး (ကြွေ) ကျနေပြီ ဒီအချိန်ဆို။ ဒီအတိုင်းပဲ ပစ်ထားရတယ်။ (ခြံထဲ) သွား မလုပ်ရဲတော့ဘူး။ ဈေးလည်း မရှိဘူးလို့ ကြားရတယ်” ဟု ရေဖြူမြို့နယ်၊ ခမောင်းချောင်းရွာသားတစ်ဦးက ပြောဆိုသည်။

ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခများနှင့် ကွမ်းသီး ပြည်ပသို့ မပို့နိုင်သဖြင့် အဝယ်တော်များ နယ်ဖက်သို့ လာရောက်ဝယ်ယူခြင်း မရှိတော့ခြင်းဖြစ်ကြောင်း ကွမ်းသီးစိုက်တောင်သူ‌များက ဆိုသည်။

“အိမ်မှာ ကျင်း (သိုလှောင်) ထားလိုက်‌တော့တယ်။ ထားဝယ် သွားရောင်းတော့လည်း ဈေးမှ မရတာ” ဟု ရေဖြူမြို့နယ်မှ ကွမ်းသီးစိုက်တောင်သူနောက်တစ်ဦးက ပြောသည်။

ရန်ကုန်ဈေးကွက်သို့ တင်ပို့ပါက တစ်ပိဿာလျှင် ကျပ်လေးထောင်ခန့်ရရှိပြီး ထားဝယ်ဈေးကွက်တွင် ကျပ် သုံးထောင်ကျော် ဈေးရှိကြောင်း တောင်သူများနှင့် အဝယ်ဒိုင်များထံမှ သိရသည်။ 

ကွမ်းသီးကို အိန္ဒိယနိုင်ငံသို့ အဓိက တင်ပို့ခြင်းဖြစ်ပြီး နယ်စပ်ဝင်ပေါက်ဖြစ်သည့် တမူး-မိုးရေးဂိတ်မှာ ၂၀၂၂ နှစ်ကုန် ပိုင်းကပင် ပိတ်ထားသည်။ 

ထို့ကြောင့် ကွမ်းသီးဈေးများ ကျဆင်းသဖြင့် လွန်ခဲ့သည့် လေးလခန့်ကပင် ကွမ်းသီးဒိုင်အချို့ အရောင်းရပ်ထား ကြောင်း ဈေးကွက်ထဲမှ သိရသည်။ 

“အခုသူတို့ (ရန်ကုန်ကွမ်းသီးဒိုင်က) ပေးတဲ့ဈေးက လေးထောင်လောက်ပဲ။ ဘယ်လိုမှမကိုက်ဘူး။ သူတို့ကတော့ ပြောတာပဲ။ နယ်စပ်ဂိတ် မဖွင့်သေးလို့ ဈေးမရသေးတာလို့။ မနှစ်က ဒီအချိန်ဆို ဈေးတက်နေပြီ။ တစ်ပိဿာ ရှစ်ထောင်ကျော်လောက် ရနေပြီ” ဟု ၎င်းက ဆိုသည်။ 

ထားဝယ်ဈေးကွက် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ကွမ်းသီးတစ်ပိဿာ ၃၅၀ဝကျပ်ခန့်၊ ယခုနှစ် ဖေဖော်ဝါရီတွင် ၃၉၀ဝကျပ်၊ မတ်လတွင် ၄၃၀ဝကျပ် ဈေးရရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ 

လက်ရှိ စက်တင်ဘာလ ထားဝယ်ဈေးကွက်တွင် ကွမ်းသီးခြောက် တစ်ပိဿာ သုံးထောင်နှင့် လေးထောင်ကျပ် ကြားတွင်သာ အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ကွမ်းသီးလုပ်ငန်းလုပ်သူများထံမှသိရသည်။