MOU မြန်မာလုပ်သားများ အလုပ်မရသဖြင့် ဘန်ကောက်မြန်မာသံရုံးရှေ့ဆန္ဒပြ

0
3610

နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် တရားဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများမှာ တစ်လနီးပါးကြာသည်အထိ အခြားအလုပ်ထပ်မရရှိခဲ့သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ယနေ့နေ့လယ်ပိုင်းက ဆန္ဒပြခဲ့ကြသည်။

မြန်မာအလုပ်သမားများမှာ နေထိုင်စားသောက်ရန် အခက်အခဲများစွာ ရှိလာသဖြင့် အေဂျင်စီနှင့် မြန်မာသံရုံးက ကူညီဖြေရှင်းပေးရန် မြန်မာအလုပ်သမား ၃၀ ခန့်က ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားများနှင့် WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် မြန်မာအေဂျင်စီ Big Money မှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ဩဂုတ်လ ၁၅ ရက်နေ့တွင် ထိုင်းကုမ္ပဏီ Go Merry တွင် လုပ်ကိုင်ရန် တရားဝင် စာချုပ်ဖြင့် ဝင်ရောက်လာခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိလာသောအခါ စာချုပ်ပါလုပ်ငန်းတွင် မဟုတ်ဘဲ နခွန်ပထုံရှိ ကြက်သားစက်ရုံတစ်ရုံသို့ ပို့ဆောင်၍ လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။

ယင်းစက်ရုံတွင် အလုပ်ချိန်မှာ မနက် ၄ နာရီမှ ည ၁၀ နာရီအထိ ဆင်းခဲ့ရပြီး အခွင့်အရေးများ ချိုးဖောက်ခံခဲ့ရသဖြင့် ရက်ပိုင်းမျှ လုပ်ကိုင်ခဲ့ပြီးနောက် ဆက်မလုပ်နိုင်တော့ဘဲ အလုပ်ထွက်ခဲ့ကြကြောင်း မြန်မာအလုပ်သမားများကဆိုသည်။

ယင်းနောက် အေဂျင်စီက အခြားစက်ရုံပြောင်းပေးမည်ဟုဆိုကာ စရာဘူရီခရိုင်ရှိ နေရာတစ်ခုသို့ ပို့ဆောင်ပေးခဲ့ပြီး တစ်လနီးပါးအထိ အလုပ်အကိုင်မရရှိခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

သို့အတွက် စားဝတ်နေရေး အခက်အခဲများစွာ ကြုံတွေ့လာခဲ့ရာ အေဂျင်စီဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု မရှိခဲ့သဖြင့် WAG ရုံးထံသို့ ဆက်သွယ်အကူညီတောင်းခံခဲ့ပြီး သံရုံးဘက်ကလည်း ဖြေရှင်းပေးရန်အတွက် လာရောက်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ဆန္ဒပြခဲ့သော မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။

“စာချုပ်ချုပ်စဉ် ကာလတုန်းက မြန်မာပြည်မှာ အခန်း ရေမီး ဖရီး (free) ပေးမယ်ဆိုပြီးတော့ ပြောတယ်။ ဒီရောက်တော့ အခန်းခတွေလည်း‌ တောင်းတယ်။ စပေါ်ငွေတွေ တစ်ယောက် တစ်ထောင်တောင်းတယ်။ ပြီးတော့ ၁၂ ယောက်မှ တစ်ခန်းတည်း ထားတာမျိုးတွေရှိတယ်” ဟု ၎င်းကဆိုသည်။

အကယ်၍ စာချုပ်ပါလုပ်ငန်း Go Merry မှ အလုပ်ထွက်စာ ထုတ်ပေးပါက မိမိအဆက်အသွယ်ဖြင့် အလုပ်ဆက်ရှာမည်ဟု တောင်းဆိုခဲ့သော်လည်း မြန်မာအေဂျင်စီဘက်က မဖြေရှင်းပေးခဲ့ကြောင်း ၎င်းကဆိုသည်။

လက်ရှိအချိန်တွင် မြန်မာအေဂျင်စီဘက်က အပ်နှံပေးထားသော ထိုင်းပွဲစားတစ်ဦး၏ ခြိမ်းခြောက်မှုများလည်း ကြုံတွေ့နေခဲ့ရသဖြင့် သံရုံးသို့ လာရောက်တောင်းဆိုခဲ့ကြရကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် နေ့လယ် ၁၀ နာရီအချိန်ခန့်တွင် သံရုံးရှေ့ဆန္ဒပြခဲ့ပြီးနောက် သံရုံးတာဝန်ရှိသူများက သံရုံးထဲ ခေါ်တွေ့ခဲ့ကြောင်း သိရသည်။‌

ယင်းနောက် မြန်မာနှင့် ထိုင်းအေဂျင်စီကို ဆက်သွယ်၍ အတတ်နိုင်ဆုံး ဖြေရှင်းပေးမည်၊ အခြားအလုပ် ဝင်နိုင်ရန် အလုပ်ထွက်စာ (ဘိုင်ကျန့်အော်) ကို ရအောင် တောင်းပေးပါမည်ဟု သံအရာရှိနှင့် တရားသူကြီးက အာမခံ ကတိပေးခဲ့ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

လက်ရှိအလုပ်မရှိသော အချိန်ကာလအတွင်း စားစရိတ် နေစရိတ်များ ပြန်လည်ထုတ်ပေးရန်၊ နောက်ထပ်အလုပ်ကို လျှောက်နိုင်ရန်အတွက် အလုပ်လျှောက်ထားခများ ရရှိရန်၊ အခန်းစပေါ်ငွေများ ပြန်လည်ပေးရန် မြန်မာအလုပ်သမားများက တောင်းဆိုခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တရားဝင် MOU စနစ်ဖြင့် ဝင်ရောက်လာခဲ့သော မြန်မာအလုပ်သမားများမှာ မြန်မာအေဂျင်စီများ၏ လိမ်လည်ခေါ်ယူမှုများ ဆက်တိုက်ကြုံတွေ့နေခဲ့ရသော်လည်း မြန်မာသံရုံးဘက်က တာဝန်ယူ ဖြေရှင်းပေးမှုများ အားနည်းနေခဲ့ကြောင်း WAG အဖွဲ့ကဆိုသည်။