ထိုင်းတွင် ဒဏ်ရာရထားသောမြန်မာလုပ်သားကို အလုပ်ရှင်က လမ်းဘေးစွန့်ပစ်ခဲ့သဖြင့်သေဆုံး

0
1539

ထိုင်းနိုင်ငံ နခွန်စဝမ်ခရိုင်တွင် လုပ်ငန်းခွင်၌ ဒဏ်ရာရသော မြန်မာအလုပ်သမားကို ဆေးရုံပို့မည်ဟုဆိုကာ အလုပ်ရှင်က လမ်းဘေးတွင် စွန့်ပစ်ခဲ့သဖြင့် သေဆုံးသွားကြောင်း AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမားများသည် စက်တင်ဘာလ ၅ ရက်နေ့ ဂိုဒေါင်ခေါင်မိုးပြုပြင်နေစဉ် မြန်မာအလုပ်သမားတစ်ဦး မတော်တဆ အောက်သို့ပြုတ်ကျခြင်းဖြစ်ကြောင်း AAC ထံမှ သိရသည်။

ပြုတ်ကျချိန်တွင် အသက်ရှုနေသေးသော်လည်း အလုပ်ရှင်က ဆေးရုံမပို့ဘဲ လမ်းဘေးမြောင်းထဲတွင် စွန့်ပစ်ခဲ့သဖြင့် သေဆုံးသွားခဲ့ရသည်ဟု အတူတူလုပ်ကိုင်သည့် မြန်မာအလုပ်သမားနှစ်ဦးက ရဲစခန်းတွင် ထွက်ဆိုခဲ့ကြောင်း AAC တာဝန်ခံ ကိုနေလင်းသူက ပြောသည်။

“တကယ်လို့ ဆေးရုံတက်လိုက်လို့ ဆေးရုံပေါ်သေသွားရင် ခံသာသေးတယ်။ အခုက ဆေးရုံမတက်ဘဲ ရေထဲ ပစ်ချသတ်ခဲ့တာက ဒါမတရားလူသတ်မှုကြီးဆိုပြီး ထွက်ဆိုချက်ပေးထားတာပေါ့။ ပုလိပ် (ရဲ) ကလည်း အဲဒီလိုပဲ ယူဆထားပါတယ်” ဟု ၎င်းက ပြောဆိုသည်။

မတော်တဆဖြစ်ပြီးနောက် အရေးပေါ်ကား ခေါ်ယူပေးခဲ့ခြင်းမရှိဘဲ အလုပ်ရှင်က ဒဏ်ရာရရှိသော မြန်မာအလုပ်သမားကို ဆေးရုံပို့ပေးမည်ဟုဆိုကာ ကားပေါ်တင်၍ ထွက်သွားခဲ့ခြင်းဖြစ်ကြောင်း အဖွဲ့ထံမှ သိရသည်။

မိနစ် ၃၀ ခန့်အကြာတွင် အလုပ်ရှင်က ဆေးရုံပို့ပြီးပြီဟုဆိုကာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ကျန်အလုပ်သမားများကို ၎င်းတို့နေထိုင်ရာ စရာဘူရီခရိုင်သို့ ပြန်လည်ခေါ်ဆောင်သွားခဲ့ကြောင်း AAC ထံမှ သိရသည်။

မည်သည့်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည်ကို မေးမြန်းရာ အလုပ်ရှင်က မဖြေသဖြင့် မြန်မာအလုပ်သမား တစ်ဦးနှင့် အလုပ်ရှင်တို့ အချေအတင်ဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းနောက် အလုပ်သမားက အလုပ်ရှင်၏ ကားဘီးကို ဓားဖြင့် ထိုးဖောက်ခဲ့သဖြင့် အလုပ်ရှင်က ရဲကို ခေါ်ကာ အလုပ်သမားကို အချုပ်ထဲထည့်ထားခဲ့ကြောင်း ကိုနေလင်းသူက ပြောသည်။

အလုပ်ရှင်က ကျန်မြန်မာအလုပ်သမားများကိုလည်း ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း မြန်မာအလုပ်သမားများ ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။

နောက်တစ်ရက်တွင် ဖမ်းဆီးခံရသော အလုပ်သမားက အချုပ်မှ လွတ်မြောက်လာခဲ့ပြီး ဒဏ်ရာရသည့် မြန်မာအလုပ်သမား၏ ဇနီးကို ဆက်သွယ်အကြောင်းကြားခဲ့ကာ ယင်းမှတစ်ဆင့် AAC အဖွဲ့သို့ ဆက်သွယ်အကူအညီတောင်းခံခဲ့ကြောင်း AAC ထံမှ သိရသည်။

ထို့နောက် AAC အဖွဲ့က နခွန်စဝမ်မြို့နယ်ပိုင် လူကြီးကို လူတစ်ယောက်ပျောက်နေသည်ဟု သွားရောက်မေးမြန်းခဲ့ရာ စက်တင်ဘာလ ၈ ရက်နေ့တွင် အမည်မသိအလောင်းတစ်လောင်း တွေ့ရှိထားသည်ဆိုသဖြင့် စစ်ဆေးရာမှ မြန်မာအလုပ်သမား ဖြစ်နေကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

အလုပ်ရှင်သည် စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ထွက်ပြေးသွားခဲ့ပြီး ရဲစခန်းတွင် လူသတ်မှုဖြင့် အလုပ်ရှင်ကို အမှုဖွင့်ထားကြောင်း AAC ထံမှ သိရသည်။

သေဆုံးသွားသော မြန်မာအလုပ်သမားသည် ပဲခူးတိုင်း သာယာဝတီခရိုင်ဇာတိ ဖြစ်ကြောင်း သိရသည်။