အခြေခံပညာကျောင်းများတွင် ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဟုဆို

0
1336

ယခုပညာသင်နှစ်ထဲတွင် အခြေခံပညာစာသင်ကျောင်းများ၌ ထားဝယ်စာပေ စတင်သင်ကြားတော့မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံက သိရသည်။

အခြေခံပညာကျောင်းတို့တွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့် မူလတန်း ဆရာ၊ ဆရာမ ၅၁ ဦးကို စက်တင်ဘာလ ၇ ရက်မှ ၉ ရက်အထိ ထားဝယ် အ.ထ.က (၁) တွင် ဆရာဖြစ်သင်တန်းပေးထားပြီးဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူက ပြောသည်။

သင်တန်းဆင်း ဆရာ၊ ဆရာမများကို ပညာရေးဝန်ကြီးဌာနက ဘတ်ဂျတ်ချကာ ထားဝယ်စာပေသင်ကြားမှုအတွက် ထောက်ပံ့ကြေးပေးမည်ဖြစ်ကြောင်း ပညာရေးမှူးရုံးထံမှ သိရသည်။

ယခုနှစ်ထဲတွင် စတင်သင်ကြားနိုင်ပြီဟု လမ်းညွှန်ထားကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။

“နိုင်ငံတော်က သူတို့ကို ထောက်ပံ့ကြေးပေးရမယ်။ ဒါပေမဲ့ ထောက်ပံ့ကြေးကို မစောင့်နဲ့။ ဘတ်ဂျတ်ဆိုတာကတော့ ကြာတာပေါ့နော်။ တို့က ဒီစာပေပြန့်ပွားဖို့နဲ့ ကလေးတွေသင်ရဖို့က အရေးကြီးတယ်ဆိုပြီး ဟိုနေ့ (စက်တင်ဘာ ၉ရက်) က ပြောလိုက်သေးတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်စာပေတွင် ထားဝယ်ရိုးရာထုံးတမ်းဓလေ့များ၊ ယဉ်ကျေးမှုများ၊ စကားပြေများ၊ စကားထာများ၊ ပုံပြင်များ၊ အားကစားနည်းများနှင့် ထားဝယ်သမိုင်းအကျဉ်းအချို့ပါဝင်ကြောင်း ထားဝယ်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီက အတွင်းရေးမှူး ဦးတင့်လွင်က ပြောဆိုသည်။

“အခြေအနေအမျိုးမျိုးကြောင့် နားလိုက်တယ်ဆိုရင် ထားဝယ်စာပေကို စာသင်ဖို့အဆင့် မရောက်ဘူး။ ဒီလိုပဲ အခက်အခဲ အကျပ်အတည်းတွေကြားမှာ ရုန်းကန်ပြီးတော့ ထားဝယ်တိုင်းရင်းသားဘာသာကို သင်နိုင်အောင် ကြိုးစားပြီးတော့ လုပ်ဆောင်ရတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်ခရိုင်ရှိ KG၊ Grade-1၊ Grade-2 က မူလတန်းကျောင်းသူ၊ ကျောင်းသားများကို ထားဝယ်စာပေ ဦးစွာ သင်ကြား ပေးမည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံးထံမှ သိရသည်။

ထားဝယ်စာပေကို အခြေခံပညာ ကျောင်းသုံးစာအုပ်အဖြစ်ပြဋ္ဌာန်းသင်ကြားနိုင်ရန် တတ်သိပညာရှင်တို့က ဆယ်စုနှစ်နီးပါးကြာအောင် ကြိုးစားခဲ့ကြသည်။

NLD အစိုးရလက်ထက် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၄ ရက်တွင်မူ ပညာရေးဝန်ကြီးဌာနက KG တန်း၊ ပထမတန်း၊ ဒုတိယတန်းတို့တွင် ထားဝယ်စာပေအား သင်ကြားနိုင်ကြောင်း ခွင့်ပြုချက်ပေးခဲ့သည်။

ဗာမာစာကို အခြေခံပြီး ထားဝယ်အသံထွက်ဖြင့်‌ ရေးသားထားသော ကျောင်းသုံးစာအုပ်မူကြမ်းများကိုလည်း ရိုက်နှိပ်ထားပြီးဖြစ်သည်။

ဥပမာ တန်ဆောင်မုန်းလ ကထိန်ပွဲကို ဇောန်မူးလကထီပွဲ၊ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို နှေ့ဆယ့်ရှစ်ဆူဖျားဗွဲ ဟု ရေးသားထားသည်။

ထားဝယ်စာပေသင်ကြားရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထားဝယ်စကားနှင့် ဗမာစကား ရောထွေလာနေပြီး ထားဝယ်စကား ပျောက်ကွယ်သွားမည်ကို ထိန်းသိမ်းရန်အတွက်ဖြစ်ကြောင်း ဦးတင့်လွင်က ၂၀၂၀ ခုနှစ်က ပြောဆိုခဲ့ဖူးသည်။

NLD အစိုးရ ပညာရေးဝန်ကြီးဌာန ခွင့်ပြုချက်ရထားပြီးဖြစ်သည့် ထားဝယ်စာပေကို ထားဝယ်ခရိုင်ရှိ အခြေခံကျောင်း တို့တွင် ၂၀၂၁ ခုနှစ်တွင် စတင်သင်ကြားနိုင်ရန် ဦးဆောင်သူတို့က ရည်မှန်းထားခဲ့ကြသည်။

နောက်ပိုင်းတွင် ကိုဗစ်ကပ်ရောဂါနှင့် အာဏာသိမ်းမှုဖြစ်ပွားလာပြီး ထားဝယ်စာပေမှာ ကျောင်းသင်ခန်းစာပေါ်သို့ မရောက်လာခဲ့ပေ။

အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင်မူ ထားဝယ်စာပေကို အခြေခံကျောင်းတွင် သင်ကြားနိုင်ရေး ပြန်လည် ဆောင်ရွက်လာခြင်း ဖြစ်သည်။