ကလိန်အောင်တွင် အရန်မီးသတ်တပ်ခွဲမှူးတစ်ဦး သေနတ်ဖြင့်ပစ်ခံရ

0
1279

ရေဖြူမြို့နယ် ၊ ကလိန်အောင်မြို့နယ်ခွဲ ၊ ကျောက်ရှပ်ကျေးရွာတွင် စက်တင်ဘာလ ၁၁ ရက် ညနေပိုင်းက အရန်မီးသတ်တပ်ခွဲမှူး အသက် ၅ဝ ဝန်းကျင်အရွယ်ရှိ ဦးတင်ဦး သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများကပြောသည်။ဥယျာဥ်ခြံမှ လမ်းလျှောက်ပြီး ပြန်လာစဥ် ပစ်ခတ်ခံရခြင်းဖြစ်ပြီး ညာဘက်လက်တွင်ဒဏ်ရာ ၂ ချက်ရခဲ့ကြောင်း ၎င်းတို့ကဆိုသည်။

“မနေ့ညကတော့ ကလိန်အောင်ဆေးရုံတင်သွားတယ်။ ဒီမနက်တော့ ထားဝယ်က စစ်တပ်ဆေးရုံကိုပို့လိုက်ပြီ။ မစိုးရိမ်ရပါဘူး။ လက်ဖျံမှာ ဒဏ်ရာရသွားတာလောက်ပဲ “ ဟု ကျောက်ရှပ်ရွာသားတစ်ဦးကပြောသည်။

ဦးတင်ဦး ကို မည်သည့်အဖွဲ့အစည်းက မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်ခဲ့သည်ကိုမူ စက်တင်ဘာလ ၁၂ ရက်ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။

ကလိန်အောင်မြို့နယ်ခွဲ၊ ကျောက်ရှပ်ရွာသား ဦးသိန်းစိုးကို Spring Dhamma PDF အဖွဲ့က စစ်ကောင်စီနှင့်ဆက်သွယ်သည့် အထောက်အထားများ တွေ့ရှိရသဖြင့် ပစ်သတ်ခဲ့ကြောင်း ဩဂုတ်လ ၂၂ ရက်က သတင်းထုတ်ပြန်ထားသည်။ သို့သော် ဦးတင်ဦး ကိစ္စမှာ ၎င်းတို့ အဖွဲ့နှင့် လုံး၀ သက်ဆိုင်ခြင်း မရှိကြောင်း အဖွဲ့တာဝန်ခံ ဗိုလ်ယက္ခက Dawei Watch သို့ ပြောကြားသည်။

ယခုနှစ် ဇွန်လကလည်း ကလိန်အောင်မြို့နယ်ခွဲ မီးသတ်ဦးစီးဌာန ၊ ဒုဦးစီးမှူးလိုက်ပါလာသည့် ကား ကို PDF အဖွဲ့နှစ်ခုက ရေဖြူ-ထားဝယ်လမ်းပိုင်းတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။