မြိတ်-ရန်ကုန် ခရီးသည်တင်ကား ပလမြို့အနီးတွင် မီးလောင်

0
1477
ပုံစာ- အန်တီဝင်း မှန်လုံယာဉ် ဩဂုတ်လ ၃၁ ရက် နံနက် ၁၁နာရီခန့်က မီးလောင်နေစဉ်။

မြိတ်မြို့မှ ရန်ကုန်မြို့သို့သွားသည့် အန်တီဝင်း ခရီးသည်တင်မှန်လုံကားတစ်စီးသည် ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပလမြို့အနီး ဇရပ်ဆိပ်ရွာအရောက်တွင် မီးလောင်ကြောင်း အန်တီဝင်းယာဉ်လိုင်း မြိတ်ကားဂိတ်ထံမှ သိရသည်။

အဆိုပါ မှန်လုံကားအနောက်ဘက်ခန်းရှိ ဝါယာကြိုး ရှော့ခ်ဖြစ်ပြီး ဂတ်စ်ပိုက်လိုင်းအား မီးစကူးစက်သဖြင့် ပေါက်ကွဲကာ မီးလောင်ကျွမ်းခဲ့ကြောင်း အဆိုပါကားဂိတ် တာဝန်ခံတစ်ဦးက ပြောသည်။

ကားမီးလောင် ပျက်စီးသွားသော်လည်း လူအထိအခိုက် မရှိကြောင်း ၎င်းက ဆိုသည်။  

“လမ်းက လိုက်လာတဲ့ ခရီးသည်သုံးယောက်ပဲ ပါတယ်။ ဘာမှမဖြစ်ဘူး။ အရှေ့မှာ ထိုင်ကြတာဆိုတော့ ဖြစ်တာနဲ့ ဆင်းပြေးကြတယ်” ဟု အထက်ပါ တာဝန်ခံက ပြောဆိုသည်။

ထို့အပြင် ကားမောင်းသူ၊ စပယ်ယာအပါ သုံးဦးတို့သည်လည်း ကားပေါ်မှ ဆင်းပြေးခဲ့သဖြင့် ထိခိုက်မှု မရှိကြောင်း ၎င်းက ပြောသည်။

ကားမီးလောင်ကျွမ်းသဖြင့် ကားတန်ဖိုး ကျပ်သိန်းငါးရာကျော်အပါအဝင် ကားပေါ်တင်ဆောင်လာသည့် ငပိ၊ ငါးခြောက်၊ ရေထွက်ကုန်အချို့နှင့် အလှကုန်ပစ္စည်းများ၊ ကြက်ဥကတ်ခွံ စသည့် ကုန်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့သဖြင့် တန်းဖိုးငွေကျပ် ဆယ်သိန်းကျော် ဆုံးရှုံးကြောင်း ယာဉ်လိုင်းထံမှ သိရသည်။

ကားမီးလောင်ကျွမ်းသည့် နေရာသည် ပုလောမြို့နယ် ပလမြို့အနီးတွင်ဖြစ်ပြီး ပလ၊ ပုလောမြို့တို့နှင့် သမုတ်ကျေး ရွာတို့ရှိ မီးသတ်ဌာနတို့အား ဖုန်းဖြင့် အကူအညီ‌တောင်းခံခဲ့သော်လည်း လာရောက်ကူညီခဲ့ခြင်း မရှိကြောင်း အထက်ပါတာဝန်ခံက ပြောဆိုသည်။

မီးလောင်ကျွမ်းသည့်နေရာသည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲမကြာမကြာ ဖြစ်ပေါ်လေ့ရှိပြီး နယ်မြေ မအေးချမ်းသည့်နေရာတစ်ခုဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။