ထားဝယ်ထောင် ဝန်ထမ်းများကို လူသစ်များဖြင့် အစားထိုးဟုဆို

0
1456
Photo - ပုံဟောင်း

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဝန်ထမ်းအားလုံးနီးပါးကို စစ်ကောင်စီက လူသစ်များဖြင့် အစားထိုးထားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့၏ အဆိုအရသိရသည်။

ထားဝယ်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးနှင့် မိုဘိုင်းဖုန်းများဖမ်းမိပြီးနောက် အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းများ၊ ထောင်အရာရှိများနှင့် ထောင်မှူးတို့ကို စစ်ကောင်စီ၏ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့က ဖမ်းဆီးစစ်ဆေးနေသည်ဟု အတွင်းသတင်းများအရ သိရသည်။

“ဝန်ထမ်းဟောင်းတွေက သုံးလေးယောက်လောက်ပဲကျန်တယ်၊ ကျန်တာအကုန်လုံးက ဝန်ထမ်းအသစ်တွေချည်းပဲ” ဟု ၎င်းက ပြောသည်။

ထားဝယ်အကျဉ်းထောင်၏ ထောင်ဝင်စာ ရိက္ခာပို့သည့်နေရာတွင် ဝန်ထမ်းအသစ်များကိုတွေ့ရပြီး ဟင်းနှင့်အကြော်အလှော် ပါဆယ်ထုတ်များကို လင်ဗန်းထဲသွန်ချ၍ ဇွန်းဖြင့် တဇွန်းချင်းပြန်ခပ်ထည့်ကာ အသေးစိတ် စစ်ဆေးနေသည်ဟု ထောင်ဝင်စာပို့နေသူ ထားဝယ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“အခုက ထောင်ဝင်စာပို့ရတာ မလွယ်တော့ဘူး၊ အချိန်ပေးရတာပေါ့နော်၊ တစ်ယောက်ကို တစ်နာရီလောက်ကြာတယ်၊ အသေးစိတ်ကို စစ်တာ၊ အဓိကတော့ ဖုန်းတွေ မူးယစ်ဆေးတွေပါလားဆိုပြီး စစ်တာဖြစ်သွားပြီ” ဟု ၎င်းက ပြောသည်။

ထောင်ဘူးဝတွင် ဝန်ထမ်းအသစ်များကိုတွေ့ရပြီး တုံကင်စနစ်ဖြင့် အလှည့်ကျ ထောင်ဝင်စာပေးပို့ရသည့် စနစ်ဖြစ်လာသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ပြောသည်။

“မနက်ကိုးနာရီလောက်တည်းက သွားလိုက်တာ နေ့လယ် ၁၂ နာရီလောက်အထိ ဖြစ်သွားတယ်၊ သွားစောင့်နေရတာ၊ အသေးစိတ်စစ်နေတော့ အရမ်းကြာတယ်” ဟု ၎င်းက ပြောသည်။

ထောင်မှူးကြီးနှင့် ဒုထောင်မှူးမှာမူ ယနေ့အထိ ထားဝယ်ထောင်ကို ပြန်ရောက်လာခြင်း မရှိသေးသဖြင့် စစ်ကြောရေးတွင် စစ်ဆေးခံနေရခြင်းဖြစ်နိုင်သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက သုံးသပ်ပြောဆိုသည်။

ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်တပ်၊ ရဲတပ်ဖွဲ့၊ စရဖတပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေစစ်ဆေးရာက မူးယစ်ဆေးနှင် ဖုန်းများသိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။

အမှိုက်ပုံးထဲတွေ့သည့် မူးယစ်ဆေးများနှင့်ပတ်သက်ပြီး မူးယစ်အကျဉ်းသား ၆ ဦးကို စစ်ဆေးရာမှတစ်ဆင့် ထောင်ဝန်ထမ်းများထံမှ ဝယ်သည်ဆိုသဖြင့် ထောင်ဝန်ထမ်း ၄ ဦးကို နယ်လုံဝန်ကြီးနှင့် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့သည်။

မူးယစ်ဆေးနှင့် ဖုန်းများသွင်းခဲ့သည့်အမှုနှင့်ပတ်သက်ပြီး ထောင်ဝန်ထမ်းအချို့နှင့် ထောင်အရာရှိအချို့ကို စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားပြီး အချို့ကို တိုက်ပိတ်ထားသည်ဟု ထားဝယ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ထောင်ပိုင်လေး ဇော်ဇော်ထိုက်ဆိုတာက တစ်ပွင့်နဲ့ ဗိုလ် သူဖော်ကောင်လုပ်လိုက်တာ” ဟု ၎င်းကပြောသည်။

ယင်းအပြင် ဖုန်းဖမ်းမိသည့် နိုင်ငံရေးအကျည်းသားအချို့လည်း တိုက်ပိတ်ခံထားရပြီး အချို့မှာ ခြေကျင်းခတ်ထားခြင်း၊ ထောင်ဝင်စာနှစ်ပတ်ပိတ်ခံရခြင်း စသဖြင့် အပြစ်ပေး အရေးယူခံထားရကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့ကပြောသည်။

မူးယစ်အကျဉ်းသားခြောက်ဦးကို မူး/စိတ်ဥပ‌ဒေ ပုဒ်မ ၁၉(က) (လက်ဝယ်တွေ့ရှိခြင်း)၊ ပုဒ်မ ၂၁ (ပူးပေါင်းကြံစည်ခြင်း) နှင့် ပုဒ်မ ၂၃ (ပြစ်ချက်ဟောင်းရှိသူများ ထပ်မံကျူးလွန်ခြင်း) တို့ဖြင့် အမှုထပ်တပ် တရားစွဲဆိုထားပြီး မူးယစ်ဆေးဖမ်းမိသည့် ထောင်ဝန်ထမ်းများကိုလည်း မူးယစ်ပုဒ်မများတပ်ကာ တရားစွဲဆိုထားသည်ဟု ၎င်းတို့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီ၏ အထူးစစ်ဆေးရေးအဖွဲ့က ထပ်မံစစ်ဆေးရာ အကျဉ်းသားများနှင့် ထောင်ဝန်ထမ်းအချို့ထံမှ မူးယစ်ဆေးနှင့် မိုဘိုင်းဖုန်းအများအပြား ထပ်မိခဲ့သည်ဟု အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

ယင်းအပြင် ဒုထောင်မှူး ဦးသူရိန်ထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ နေအိမ်မျက်နှာကျက်ပေါ်မှ WY စိတ်ကြွဆေး၊ ICE နှင့် ဆေးခြောက်များ၊ ဖုန်းအလုံးရေ အများအပြားကိုဖမ်းမိခဲ့ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

လက်ရှိတွင် ထောင်ဝန်ထမ်းငယ်များနှင့် ထောင်အရာရှိ ၅ ဦးခန့်ကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။