ထားဝယ်ခရိုင် သပိတ်ကော်မတီဝင် ကိုမင်းလွင်ဦး၏ ဖခင်ကို စစ်ကောင်စီက ထောင် ၂ နှစ်ချ

0
1220

ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီတာဝန်ခံ ကိုမင်းလွင်ဦး၏ ဖခင်ဖြစ်သူ ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ တရားရုံးမှ ပုဒ်မ ၅၀၅(က) ဖြင့် ဩဂုတ်လ ၂၃ ရက် က ထောင်ဒဏ် ၂ နှစ်အမိန့်ချလိုက်ပြီဟုဆိုသည်။

“အဓိက ကတော့ စစ်ကောင်စီက ၅၀၅(က) နဲ့ တရားစွဲတယ်။ အဲဒီပုဒ်မရဲ့ပြဌာန်းချက်တွေအရလည်း အဖေက ဘာတစ်ခုမှ ကျူးလွန်ထားတာမျိုးမရှိဘူး“ ဟုကိုမင်းလွင်ဦးကပြောသည်။

စစ်ကောင်စီက ပြည်သူလူထု တစ်ရပ်လုံးအပေါ် အခွင့်အရေး ချိုးဖောက်နေသည်မှာ ယခုလုပ်ရပ်က ပိုမိုမြင်သာထင်သာရှိသွားကြောင်း ၎င်းကဆိုသည်။

ဦးအောင်ဖေမှာ နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်လေ့မရှိဘဲ အေးအေးချမ်းချမ်းနေသူ တစ်ဦးဖြစ်ကြောင်း၊ သားဖြစ်သူကို မမိသဖြင့် ဖခင်ကိုဖမ်းဆီးတရားစွဲဆိုခြင်းဖြစ်ကြောင်း ဒေသခံများက သုံးသပ်ပြောဆိုထားသည်။

ဦးအောင်ဖေကို လောင်းလုံးမြို့နယ်၊ ပြင်းထိန်ရွာနေအိမ်တွင် ဇွန်လ ၁၉ ရက်က စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး ၅၅ ရက်ကြာမိသားစုနှင့်တွေ့ခွင့်မပေးဘဲ ဩဂုတ်လ ၁၃ ရက်တွင်မိသားစုနှင့် ပထမအကြိမ်တွေ့ခွင့်ပေးပြီးနောက် ၅၀၅(က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဦးအောင်ဖေ ၏ ကျန်းမာရေးအခြေအနေသည် ကောင်းမွန်နေဆဲဖြစ်သည်ဟု မိသားစုထံမှသိရပြီး အသက် ၆၅ နှစ်အရွယ် သက်ကြီးပိုင်းအမျိုးသားတစ်ဦး ဖြစ်သဖြင့် ၎င်း၏ကျန်းမာရေးကို အထူးစိုးရိမ်ကြောင်း သပိတ်ကော်မတီကထုတ်ပြန်ထားသည်။

ဦးအောင်ဖေကို စစ်ကောင်စီက အမိန့်ချပြီးနောက် လောင်းလုံးမြို့မရဲစခန်းမှတစ်ဆင့် ထားဝယ်အကျဥ်းထောင်သို့ ပို့ဆောင်ရန်စီစဥ်နေကြောင်း မိသားစုထံကသိရသည်။

နိုင်ငံတော်အကြည်ညို ပျက်စေမှုဟု လူသိများသော ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)မှာ စစ်ကောင်စီလက်ထက်တွင် ဖြည်စွက်ချက်များဖြင့် ပြင်ဆင်ထားပြီး ယင်းပုဒ်မဖြင့် တရားစွဲဆိုမှု အများအပြားပြုလုပ်ထားသည်။