ဆီတင်သင်္ဘောပေါက်ကွဲမှုတွင် သေဆုံးသည့်မြန်မာလေးဦးအတွက် နစ်နာကြေးဘတ်နှစ်သန်းကျော်ရ

0
1303

ထိုင်းနိုင်ငံ မဲကလောင်ဆိပ်ကမ်းတွင် လောင်စာဆီတင်သင်္ဘောပေါက်ကွဲမှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားလေးဦးအတွက် နစ်နာကြေးငွေ ဘတ်နှစ်သန်းကျော် ရရှိကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိရုံးနှင့် မိသားစုဝင်များထံမှ သိရသည်။

ပေါက်ကွဲမှုကြောင့် သေဆုံးသွားသည့် မြန်မာအလုပ်သမား ခုနစ်ဦးအနက် စာရွက်စာတမ်းများနှင့် အချက်အလက် ပြည့်စုံသော အလုပ်သမား လေးဦး၏ မိသားစုဝင်များကို ဩဂုတ်လ ၂၂ ရက်နေ့တွင် စမွတ်စခွန်ခရိုင် လူမှုဖူလုံရေးရုံးတွင် နစ်နာကြေးပေးအပ်ခဲ့ကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်သည်။

လောင်စာဆီတင်သင်္ဘောသည် စမွတ်စွန်ခရမ်ခရိုင် မဲကလောင်မြစ်ပေါ်ရှိ သင်္ဘောကျင်းတွင် ပြုပြင်ထိန်းသိမ်းရန် ရပ်နားထားစဉ် ယခုနှစ် ဇန်နဝါရီလ ၁၇ ရက်က မီးလောင်ပေါက်ကွဲသဖြင့် မြန်မာအလုပ်သမား ခုနစ်ဦးသေဆုံးခဲ့ခြင်း ဖြစ်သည်။

သေဆုံးသွားသော မြန်မာအလုပ်သမားများမှာ ကိုပိုက်ထွေး၊ ကိုနိုင်ဝင်း၊ ကိုဝင်းဘို၊ ကိုဖြိုးဝေစိုး၊ ကိုသီဟ၊ ကိုဇော်မင်းလွင်နှင့် ကိုတင်ဝင်းတို့ ဖြစ်သည်။

၎င်းတို့အနက် ကိုပိုက်ထွေးနှင့် ကိုဖြိုးဝေစိုး၏ မိခင်များထံသို့ နစ်နာကြေးငွေ တစ်ဦးစီအတွက် ဘတ် ခုနစ်သိန်းကျော်စီ တစ်လုံးတစ်ခဲတည်း ပေးအပ်ခဲ့ကြောင်း ဘန်ကောက်မြို့ အလုပ်သမားသံအရာရှိထံမှ သိရသည်။

ကိုနိုင်ဝင်း၏ မိခင်ဖြစ်သူထံသို့ နစ်နာကြေးငွေ ဘတ် ၃ သိန်းခွဲကျော်နှင့် သမီးဖြစ်သူကို ဘတ်ငါးသောင်းကျော် ထုတ်ပေးပြီး ကျန်ငွေများ ငါးသောင်းကျော်နှုန်းဖြင့် နှစ်အလိုက် ထုတ်ယူရန်၊ ကိုဝင်းဘို၏ သားဖြစ်သူကို ဘတ် ၁ သိန်းကျော်ထုတ်ပေးပြီး ကျန်ငွေများ ယင်းပမာဏအတိုင်း နှစ်အလိုက် ခွဲ၍ထုတ်ယူရန် ပေးအပ်ခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိက ပြောသည်။

“အမေရယ်၊ သေဆုံးသူရဲ့သမီးရယ်ကို ထိုင်းဥပဒေအရ ခုနစ်သိန်းကိုမှ အချိုးချပြီးတော့ ခွဲပေးတာ။ ပေးတာတောင်မှ ဟိုကလေးက အရွယ်မရောက်သေးလို့ တစ်နှစ်တစ်ကြိမ်နဲ့ ထပ်ပြီးတော့ ခွဲပေးဖို့ ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါလေးဦးအတွက် ဘတ် ၂ ဒသမ ၈ သန်းကျော်ရရှိရမည်ဖြစ်သော်လည်း ကလေးငယ်များအတွက် နှစ်အလိုက် ထုတ်ပေးမည်ဆိုသဖြင့် လက်ရှိတွင် နှစ်သန်းဝန်းကျင်ကိုသာ ထုတ်ပေးထားသေးကြောင်း ၎င်းက ပြောသည်။

ကျန်ရှိနေသေးသော သေဆုံးသူ သုံးဦး၏ မိသားစုဝင်များကိုလည်း လိုအပ်သော အထောက်အထားများကို စိစစ်ပြီး နစ်နာကြေးအမြန်ဆုံးရရှိရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်သံအရာရှိက ပြောဆိုသည်။

သေဆုံးသူများ၏ မိသားစုဝင်များသို့ နစ်နာကြေးငွေပေးအပ်ရန် လူမှုဖူလုံရေးရုံးများတွင် အချက်အလက်များ စစ်ဆေးပြီးနောက် ခုနစ်လကျော်အကြာတွင် သေဆုံးသူ ၄ ဦးအတွက် နစ်နာကြေးငွေ ရရှိခဲ့ခြင်းဖြစ်သည်။

သင်္ဘောပေါက်ကွဲပြီးနှစ်ရက်အကြာ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် သေဆုံးသူ မိသားစုဝင်များထံသို့ နစ်နာကြေးငွေ တစ်ဦးလျှင် ဘတ် ၇ သိန်းကျော်ဖြင့် စုစုပေါင်း ဘတ် ငါးသန်းခွဲကျော်ကို ထိုင်းအာဏာပိုင်များက ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ကြေညာခဲ့သေးသည်။

ယင်းအချိန်တွင် အချက်အလက်မပြည့်စုံသေးသဖြင့် ငွေမရှိသေးဘဲ ယခုအချိန်မှသာ ရရှိခြင်းဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။