ထားဝယ်အရှေ့တောနယ်ကို ဆန်သယ်ယူခွင့်လုံးဝပိတ်လိုက်ပြီ

0
1450

ထားဝယ်မြို့နယ်၊ အရှေ့တောနယ်မြေကို စစ်ကောင်စီတပ်ဂိတ်များက ဆန်သယ်ယူခွင့်လုံးဝ ပိတ်ပင်ထားကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။

ပြီးခဲ့သည့်နှစ်ကတည်းက စစ်ကောင်စီတပ်ဂိတ်က ဆန်အိတ် အများအပြားသယ်ယူခွင့်ကို ကန့်သတ်ပိတ်ပင် ထားသည်။

သို့သော် ဒေသတွင်း စားရေးသောက်ရေးအတွက် စစ်ဆေးရေးဂိတ်တွင် တာဝန်ကျနေသူတို့အား အကျိုးအကြောင်း ပြောပြ နားလည်မှုယူကာ ဂိတ်ကြေးပေး၍ ဆန်အိတ်အနည်းငယ် သယ်ယူခွင့်ရခဲ့ကြောင်း ဒေသခံများနှင့် ကားသမားအချို့ထံမှ သိရသည်။

၎င်းတို့ခွင့်ပြုချက်မရဘဲ ဆန်အိတ်အများအပြားသယ်ယူလာပါက လူကိုဖမ်းပြီး ကားပေါ်တွင် ပါလာသည့် ဆန်အိတ်များကိုလည်း သိမ်းဆည်းလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

သို့သော် ယခုဩဂုတ်လ ဒုတိယအပတ်ကစပြီး ဆန်သယ်ယူခွင့် လုံးဝ မရတော့ခြင်းဖြစ်ကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။

“လုံးဝ မတင်ခိုင်းဘူး။ အခုတော့ ဆန်တစ်ပြည်တောင် ယူဆောင်လို့မရဘူး။ အခုဆိုဆန်တွေ ပြတ်နေကြပြီ” ဟု ထားဝယ်အရှေ့တောဒေသကို ကားပြေးဆွဲနေသည့် ကားသမားတစ်ဦးက ပြောဆိုသည်။

ထားဝယ်အရှေ့တောနယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းခွဲပြီး ဩဂုတ်လ ၁၄ ရက်မှစတင်ကာ စစ်ကြောင်းထိုးနေချိန် ဆန်သယ်ယူခွင့် ပိတ်ပင်လာခြင်းလည်းဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်များကို စားနပ်ရိက္ခာဖြတ်သည့်ပုံစံဖြင့် ဆန်သယ်ယူခွင့် ပိတ်ထားခြင်းဖြစ်နိုင်သော်လည်း လက်ရှိမြေပြင်တွင် ဒေသခံများအပေါ်သာ ထိခိုက်မှုရှိလာကြောင်း အရှေ့တောနယ်မြေက ဒေသခံတို့က ပြောသည်။

“နားလည်မှုနဲ့ကို သယ်လို့ မရဘူးလို့ပြောတယ်။ အစတုန်းက ဝယ်ထားတာနဲ့ အခုစားနေတာဆိုတော့ နောက်ထပ် စားဖို့အတွက်က အခုဝယ်ဖို့ ခက်ခဲနေတာပေါ့။ လုံးဝ တင်ခွင့်မပေးဘူးတဲ့။ PDF တွေဆီ ရောက်မှာစိုးလို့ လို့ ပြောတယ်တဲ့” ဟု ဝကုန်းကျေးရွာက အမျိုးသမီးတစ်ဦးက ကိုယ်တိုင်ကြုံခဲ့ရသူ၏ ပြောဆိုချက်ကို ကိုးကားကာ ပြန်ပြောင်းပြောဆိုသည်။

တစ်အိတ်စ နှစ်အိတ်စ အိမ်တွင်ဝယ်ထားသူများတွင် လက်ရှိစားရေးအဆင်ပြေနေသေးသော်လည်း အိတ်လိုက် ဝယ်မစားနိုင်သည့် လက်လုပ်လက်စား အခြေခံလူတန်းစားများအတွက် ဆန်အခက်အခဲဖြစ်နေပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ထားဝယ်အရှေ့တောဒေသတွင် တောင်ယာစပါးစိုက်ပျိုးမှုအနည်းငယ်ရှိသော်လည်း ဒေသအတွင်း စားသုံးရန် လုံလောက်မှုမရှိသဖြင့် ထားဝယ်မြို့က ဆန်ကို အဓိက အားထားကာ ဝယ်ယူစားသောက်နေရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်အရှေ့တောနယ်မြေကို သွားသည့် ထားဝယ်-ထီးခီးလမ်းကြောင်းတွင် ထားဝယ်မြို့က ထွက်သည်နှင့် ဗျောတောဝ စစ်ဆေးရေးဂိတ်၊ ၈ မိုင် စစ်ဆေးရေးဂိတ်၊ ကျောက်မဲတောင် စစ်ဆေးရေးဂိတ်၊ ပကာရီရဲကင်း စခန်းစစ်ဆေးရေးဂိတ် စသော စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ် လေးခုရှိသည်။

ယခုအခါ ထားဝယ်အရှေ့တောဒသသို့ သွားသည့် ဗျောတောဝစစ်ဆေးရေးဂိတ်မှ ပကာရီစစ်ဆေးရေးဂိတ်အထိ မည်သည့်ဂိတ်ကမှ ဆန်သယ်ယူခွင့် မပေးသဖြင့် ဒေသခံများ၏ စားရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း ဒေသခံများနှင့် ကားသမားအချို့က ပြောသည်။