မော်တုန်းရွာနေ ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရ

0
1764
photo - ချစ်ကြည်ရေးပရဟိတအသင်း

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းရွာတွင် နေထိုင်သည့် ပရဟိတသမားတစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်က အင်အားတရာခန့်ဖြင့် ဩဂုတ်လ ၁၂ ရက် နံနက်က အရှေ့မော်တုန်းကျေးရွာသို့ အုပ်စုခွဲ စစ်ကြောင်းထိုး ဝင်ရောက်လာကြောင်း ဒေသခံများက ပြောသည်။

ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲက အရှေ့မော်တုန်းကျေးရွာ၊ အနောက်စုရပ်တွင် နေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် ပရဟိတလုပ်နေသူ ဦးဇော်မင်းဦး (ခေါ်) ယာငယ်ကို စရဖ အပါအဝင် စစ်ကောင်စီတပ်က နေအိမ်တွင် ဖမ်းဆီးသွားကြောင်း ဒေသခံတို့က ဆိုသည်။

အဖမ်းခံရသူသည် ချစ်ကြည်ရေး ပရဟိတအသင်းတွင် လုပ်ကိုင်နေကြောင်း ရွာသားများက ပြောဆိုသည်။

စစ်ကောင်စီတပ်သည် ရွာသားငါးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်းဖြစ်ပြီး ယင်းအနက် လေးဦးကို ပြန်လွှတ်ခဲ့ပြီးနောက် ဦးဇော်မင်းဦးကို ဆက်လက်ဖမ်းဆီးထားခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“သူက ခရီးသည်တင်ကားရော ပရဟိတလူနာတင်ယာဉ်ပါ မောင်းတယ်။ သူ့ကားနဲ့ မြို့ကနေ ရိက္ခာ (အခြေခံ စားသောက်ကုန်) တွေလည်း သယ်လာတတ်တယ်။ ဘာကြောင့် ဖမ်းသွားတယ်ဆိုတာ မသိရသေးဘူး” ဟု အနောက်မော်တုန်းရွာနေ အမျိုးသမီးတစ်ဦးက ပြောသည်။

အထက်ပါကိစ္စနှင့် ပတ်သက်၍ သေချာမသိရသေးဘဲ မော်တုန်းရွာ ချစ်ကြည်ရေး ပရဟိတအသင်းခွဲ တာဝန်ခံ ကိုင်ဆောင်သည့်ဖုန်းကို ဆက်သွယ်မေးမြန်းရာတွင်လည်း ဖုန်းစက်ပိတ်ထားသဖြင့် အဆက်အသွယ်မရကြောင်း မြိတ်မြို့ရှိ ချစ်ကြည်ရေး ပရဟိတအသင်းမှ အသင်းသားတစ်ဦးက ပြောဆိုသည်။

“ကျွန်တော်တို့ အသင်းခွဲက မော်တုန်းရွာမှာရှိတယ်။ ဒီဖြစ်စဉ်ကိုတော့ တိတိကျကျ မသိရသေးဘူး။ စုံစမ်းနေဆဲပါ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်စစ်ကြောင်းမှာ ရွာအနီးဝန်းကျင်တွင် ရှိနေဆဲဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“စစ်ကြောင်းကတော့ မထွက်သေးဘူး။ အန်းနာပြင်တို့ ထုံနွယ်တို့ဖက်မှာ နေနေကြတယ်လို့ ကြားတယ်” ဟု မော်တုန်းရွာသား နောက်တစ်ဦးက ပြောသည်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသည့်နေရာသည် မော်တုန်းအရှေ့ကမ်းကျေးရွာဖြစ်ပြီး ချောင်းတဖက် အခြားတွင် ပြည်သူ့ကာကွယ်ရေးတပ်များလှုပ်ရှားသွားလာသည့် မော်တုန်းကျေးရွာအနောက်ကမ်းရှိသည်။

သုံးရက်အတွင်း နှစ်ဖက်တိုက်ပွဲ မရှိသေးသော်လည်း တိုက်ပွဲဖြစ်လာမည်စိုးသဖြင့် ရွာနှစ်ရွာစလုံးရှိ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှသိရသည်။