မော်တုန်းရွာသို့ စစ်ကြောင်းထိုးလာသဖြင့် ဒေသခံများ ထွက်ပြေးနေရ

0
1793

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာဘက်သို့ စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးလာသည့်အတွက် ရွာသားများ ထွက်ပြေးနေရကြောင်း ဒေသခံများထံမှသိရသည်။

ယနေ့(သြဂုတ် ၁၂) နံနက် ၇ နာရီခန့်တွင် အင်အားတစ်ရာဝန်းကျင်ရှိ စစ်ကောင်စီတပ်များ

အရှေ့မော်တုန်းကျေးရွာအုပ်စု ထုံနွယ်၊ရွာမ၊အန်းနာပြင်၊အောက်ကိုင်း စသည့်ကျေးရွာများသို့ ရောက်ရှိလာသဖြင့် ဒေသခံရာချီ ထွက်ပြေးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။

“အိမ်တွေမှာက အမျိုးသမီး အနည်းအကျဥ်းပဲကျန်ရစ်တယ်။ ယောင်္ကျားတွေတော့ အကုန်ပြေးနေ၊ ရှောင်နေရတယ်၊ အိမ်နှစ်ဆောင်သုံးဆောင်လည်း သူတို့ဝင်မွှေလိုက်တယ် ကြားရတယ်”ဟု မော်တုန်းအနောက်ကမ်းနေ အမျိုးသမီးကပြောသည်။

စစ်ကောင်စီတပ်က အုပ်စုခွဲကာ ဥယျာဥ်ကြိုကြားမကျန် လိုက်လံရှာဖွေမှုများ ပြုလုပ်နေကြောင်း၊ ရွာသားများအား ဖမ်းဆီးခြင်းမျိုးကိုမူ မကြားရသေးသလို ယနေ့မွန်းလွဲ ၃ နာရီအချိန်အထိ နှစ်ဖက်ပစ်ခတ်မှုများ မရှိသေးကြောင်း ဒေသခံအမျိုးသား တစ်ဦးကပြောသည်။

“ကလေးတစ်ယောက် ပြေးလို့ဆိုပြီးပစ်တယ်။ မထိဘူး ခြောက်ပစ်ပစ်တယ် ထင်တယ်”ဟု ၎င်းကပြောသည်။

မော်တုန်းအရှေ့ကမ်းကျေးရွာ၏ တစ်ဖက်ကမ်းတွင် မော်တုန်းအနောက်ကမ်းကျေးရွာရှိကာ ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက မော်တုန်းအရှေ့ကမ်းရှိ စစ်ကောင်စီတပ်နှင့် အနောက်ကမ်းရှိ ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

ယင်းနောက် စစ်ကောင်စီတပ်ကမော်တုန်းအနောက်ကမ်းဘက်သို့ မကြာခဏ လက်နက်ကြီးများဖြင့် ပစ်ခတ်လေ့ရှိသည်။