မြဝတီ-ကော့ကရိတ်လမ်း ပျက်စီးမှုကြောင့် တိုင်းအတွင်း ထိုင်းကုန်ပစ္စည်းအချို့ပြတ်လပ်ပြီး ဈေးတက်

0
1514

မြဝတီ-ကော့ကရိတ် အရှလမ်းပြိုကျပျက်စီးမှုကြောင့် ကုန်ကားများ သွားလာ၍ မရသဖြင့် တနင်္သာရီတိုင်းအတွင်းတွင် ထိုင်းနိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းအချို့ ပြတ်လပ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အရေးပါသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးရှိ ကရင်ပြည်နယ် တောနော်ရေတံခွန်အနီး တောင်ပတ်လမ်းပိုင်းမှာ ဩဂုတ်လ ၇ ရက်နေ့က လမ်းမြေပြိုကျပျက်စီးခဲ့သည်။

ယင်း လမ်းပိုင်းပျက်စီးမှုကြောင့် ယာဉ်သွားလာမှု ယာယီရပ်ဆိုင်းထားရသဖြင့် ထိုင်းမှ ဝင်ရောက်လာသည့် စားသောက်ကုန်များနှင့် လူသုံးကုန်ပစ္စည်းအချို့ ပြတ်လပ်နေရကြောင်း မြိတ်ဈေးကွက်အတွင်းမှ သိရသည်။

“ဆိုင်ကယ်အပိုပစ္စည်းက တော်တော်များများ ပစ္စည်းပြတ်နေတုန်းပဲ။ လမ်းပြတ် (တောက်) နေတော့ ပစ္စည်းလာရောင်းတဲ့ ကားတွေက မဆင်းလာကြသေးဘူး” မြိတ်မြို့ရှိ မော်တော်ဆိုင်ကယ် အပိုပစ္စည်း အရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ယင်းကဲ့သို့ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ ပြတ်လပ်နေသဖြင့် ပစ္စည်းတစ်ခုလျှင် အမျိုးအစားအပေါ်မူတည်ပြီး ကျပ်ငါးရာမှ ရှစ်ထောင်ကျပ်အထိ မြင့်တက်လာကြောင်း မော်တော်ဆိုင်ကယ် အပိုပစ္စည်းအရောင်းဆိုင်ရှင်က ပြောဆိုသည်။

ထို့အပြင် စားသောက်ကုန်တို့အနက် မာမားမျိုးစုံ၊ မုန့်ပုံးမျိုးစုံ၊ စားအုန်းဆီ၊ ကောက်ညှင်း၊ ဂျုံ၊သကြား၊ အချိုရည်မျိုးစုံ စသဖြင့် ကုန်အချို့ ပြတ်လပ်နေပြီး ဈေးတက်နေကြောင်း ယင်းဈေးကွက်မှ စုံစမ်းသိရှိရသည်။

“စားအုန်းဆီဈေးလည်း ထပ်တက်နေတယ်။ တစ်နေ့ တစ်ဈေးပဲ” ဟု နောက်လယ်ရပ်ကွက်ရှိ ကုန်စုံအရောင်းဆိုင်ရှင် တစ်ဦးက ပြောသည်။

ဆယ်ပိဿာဆံ့ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ၇၈၀၀၀ ကျပ်ဈေးရှိရာမှ ကျပ်ရှစ်သောင်းအထိ ဈေးတက်လာကြောင်း ၎င်းက ဆိုသည်။

ထားဝယ်ဈေးကွက်တွင်လည်း စားသောက်ကုန်အချို့ ပြတ်လပ်နေပြီး ဈေးနှုန်းများ မြင့်တက်နေကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ထားဝယ်ဈေးကွက်၌ ဆယ်ပိဿာဆံ့ စားအုန်းဆီ ပုံးဝါတစ်ပုံးလျှင် ၇၄၀၀၀ ကျပ်မှ ဈေးတက်သွားသဖြင့် ၇၉၀၀၀ ကျပ်မှ ၈၆၀၀၀ ကျပ်အထိ ရောင်းချနေကြကြောင်း စားအုန်းဆီအရောင်းဆိုင်အချို့ထံမှ သိရသည်။

“စားအုန်းဆီးဈေးကွက်က ပျက်နေပြီလို့ ပြောလို့ရတယ်။ ကြိုက်ရောင်းကြိုက်ဝယ်ဈေးနဲ့ ရောင်းဝယ်နေကြတယ်” ဟု ထားဝယ်မြို့ရှိ စားအုန်းဆီအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့အပြင် ထိုင်းနိုင်ငံမှတင်သွင်းသည့် အထုတ်သေး ၂၄ ထုတ်ပါ မာမားတစ်ဖာလျှင် ကျပ်ထောင်ဂဏန်းအထိ မြင့်တက်လာနေကြောင်း ယင်းဈေးကွက်မှ သိရသည်။

“လမ်းပျက်လို့ ထိုင်းက ပစ္စည်းမဝင်တော့ ဈေးတက်တာက တစ်မျိုး၊ ငွေလဲဈေးလည်း ထပ်တက်နေတာဆိုတော့ ကုန်ပစ္စည်းဈေးတွေက တက်ပြီးရင်း တက်နေတာပဲ” ဟု မြိတ်မြို့ရှိ ထိုင်း စားသောက်ကုန်ပစ္စည်းများ ကုန်သွယ်ရောင်းချနေသူတစ်ဦးက ပြောသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် စားသောက်ကုန်နှင့် အဝတ်အထည်၊ လူသုံးကုန် စသည်တို့၏ သုံးပုံတစ်ပုံခန့်သည် ထိုင်းနိုင်ငံမှ ဝင်ရောက်လာသည့် ပစ္စည်းများဖြစ်ကြကြောင်း ၎င်းက ပြောပြသည်။

အဆိုပါ မြဝတီ-ကော့ကရိတ်ကားလမ်း ပျက်စီးသဖြင့် လူစီးယာဉ်နှင့် ကုန်ပစ္စည်းတင်ယာဉ်ငယ်တို့သည် လမ်းဟောင်းဖြစ်သည့် ထို့ကော်ကိုးလမ်းပိုင်းမှ ဖြတ်သန်းသွားလာနေရကြောင်း သိရသည်။

ပျက်စီးသွားသည့်နေရာတွင် ဩဂုတ်လ ၁၀ ရက်နေ့မှစပြီး ယာယီဘေလုံတံတားတစ်ခုအား တစ်လအတွင်းအပြီး တည်ဆောက်သွားမည်ဖြစ်ကြောင်း စစ်ကောင်စီဘက်မှ တာဝန်ရှိသူတို့က ပြောဆိုထားသည်။