စစ်ကောင်စီတပ်ရိက္ခာသယ်ကားကို ပစ်ခတ်မှုတွင် အရပ်သားတစ်ဦးသေဆုံးဟု လောင်းလုံး PDF ထုတ်ပြန်

0
2747
Photo - LLPDF

လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီတပ် ရိက္ခာသယ်ကားကို လိုက်လံပစ်ခတ်သည့်ဖြစ်စဉ်တွင် အရပ်သားတစ်ဦး မတော်တဆကျည်ထိမှန်သေဆုံးကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က ဩဂုတ်လ ၇ရက်နေ့ ယနေ့ ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ် မြခါးပတ်ရွာတွင်ရှိသော လားဘိုတောင် လေကြောင်းရန်ကာကွယ်ရေးစခန်းနှင့် စမ်းလှမ်းတောင် ပေါ်ရှိ မိုင်တဲတာဝါတိုင်စခန်းတို့အတွက် ရိက္ခာသယ်ဆောင်လာသည့်ကားအား ဩဂုတ်လ ၆ ရက် နေ့လယ်ပိုင်းက ထားဝယ်-လောင်းလုံး လမ်းပိုင်းတစ်နေရာတွင် သတင်းအရ စောင့်ဆိုင်းခဲ့ကြောင်း ဖော်ပြသည်။

ကားကို စစ်ဆေးရန် လမ်းပိတ်တားဆီးသော်လည်း မရပ်နားဘဲ လမ်းပိတ်ထားသည့် ရဲဘော်များကို တိုက်ပြီး မောင်းပြေးကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ယင်းကားကို လိုက်လံပစ်ခတ်ရာ အင်းဇောက်ရွာ လမ်းဆုံအနီးရှိ ဘိလိယက်ခုံဆိုင်ရှေ့တွင် ကားဘီးပေါက်ကာ ထိုးရပ်၍ ကားပေါ်မှ ဆင်းပြေးကြကြောင်း ဆိုသည်။

ဘိလိယက်ခုံ အနောက်ဘက်သို့ ထွက်ပြေးသွားသည်ကို တွေ့ရှိရသဖြင့် ပစ်ခတ်ရာ ထိုနေရာတွင် တစ်ဦး သေဆုံးသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

သေဆုံးသူကို စုံစမ်းရာတွင် ကားပေါ်က ဆင်းပြေးသူတို့မဟုတ်ဘဲ ဘိလိယက်ခုံတွင့်ရှိနေသည့် ပြည်သူ ၁၀ဦးအနက် တစ်ဦးဖြစ်နေကြောင်း ဆိုသည်။

ကားပေါ်မှဆင်းပြေးသူများနှင့်အတူ ကြောက်လန့်တကြား ရောယောင်ပြေးသဖြင့် မတော်တဆ ကျည်ထိမှန်သေဆုံးခြင်း ဖြစ်ကြောင်း LLPDF က ထုတ်ပြန်သည်။

ယင်းဖြစ်ရပ်အပေါ် တာဝန်ခံမှု တာဝန်ရှိစွာ တာဝန်ယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး မည်သို့ တာဝန်ယူဆောင်ရွက်မည်ကိုမူ ဖော်ပြထားခြင်းမရှိပေ။

သေဆုံးသူမှာ လောင်းလုံးမြို့နယ် မြခါးပတ်ရွာသား ကိုမျိုးဇော်လတ်ဖြစ်ပြီး ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်တွင် မိသားစုနှင့်အတူ နေထိုင်သူဖြစ်ကြောင်း မိသားစုထံမှ သိရသည်။

ကျန်းမာရေးမကောင်းသည့် ဇနီးသည်နှင့် သုံးနှစ်အရွယ်သားဖြစ်သူတို့ကျန်ရစ်ခဲ့ပြီး အိမ်ထောင်ဦးစီးဖြစ်သူ သေဆုံး သွားသဖြင့် မိသားစုအတွက် အခက်အခဲများစွာဖြစ်ရကြောင်း မိသားစုဝင်တစ်ဦးက ပြောသည်။

“ဖြစ်သွားပြီဆိုတော့ ပြန်ရှင်မလာတော့ဘူးလေ။ ဘာမှလုပ်ပေးလို့လည်း မရတော့တာ။ ဝမ်းနည်းရရုံပေါ့။ သူ့ယောက္ခမနဲ့ သူ့မိသားစုကို သူတစ်ယောက်ကပဲ ရတဲ့အလုပ် လုပ်ပြီး ထောက်ပံ့နေတာ။ သူ့ဇနီးကလည်း ကျီးပေါင်းရောဂါနဲ့ လမ်းတောင် မလျှောက်နိုင်ဘူး။ အခုလိုဖြစ်သွားတယ်ဆိုတော့ သူတို့အတွက် အရမ်းခက်ခဲတာပေါ့။ ဖြစ်လည်း ဖြစ်သွားပြီဆိုတော့ တခြား ပြောလည်း မပြောချင်တော့ဘူး။ သူတို့ လုပ်တယ်ဆိုတာ ဝန်ခံတယ်။ တာဝန်ခံ တာဝန်ယူပေးရင်တော့ သူတို့ဆုံးရှုံးမှုအတွက် သက်သာတာပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။

ဦးမျိုးဇော်လတ်သည် မြခါးပတ်ရွာမှ ထားဝယ်သို့ ပြန်စဉ် သူငယ်ချင်းမိတ်ဆွေများရှိသည့် အင်းဇောက်ရွာသို့ ဝင်လည်နေချိန် ကျည်ထိမှန် သေဆုံးခြင်းဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။