ထိုင်းတွင် မြန်မာလုပ်သားများ အလုပ်လျှောက်ခ လိမ်လည်ခံရမှု ဆက်တိုက်ဖြစ်လာ

0
1475
ပုံစာ - ကော့စမွတ်ဒေသတွင် ပွဲစားထံ အလုပ်လျှောက်ထားခ သွားရောက်တောင်းခဲ့ကြသော မြန်မာအလုပ်သမားများ။

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများသည် အလုပ်ရှာဖွေပေးရန် ပွဲစားများကို ငွေကြေးကြိုတင်ပေးချေထား သော်လည်း အလုပ်ရှာမပေးဘဲ ငွေကြေးလိမ်လည်မှုများ ဆက်တိုက်ရှိနေကြောင်း မြန်မာအလုပ်သမားများနှင့် AAC မဟာမိတ်အဖွဲ့တို့ထံမှ သိရသည်။

ယင်းသို့ လိမ်လည်ခံထားရသော မြန်မာအလုပ်သမား ၄၀ နီးပါးအထိရှိနေပြီး ငွေကြေအားဖြင့် ဘတ်လေးသိန်းနီးပါးအထိ ရှိနေကြောင်း AACအဖွဲ့၏ ရုံးတာဝန်ခံ ကိုနေလင်းသူက ပြောသည်။

အလုပ်သွင်းပေးမည်ဟုဆိုကာ ထိုင်း၊ မြန်မာပွဲစားများက ပွဲစားခ ကြိုတင်ကောက်ခံခဲ့ပြီး ၂လနီးပါး ကြာသည်အထိ အလုပ်သွင်းပေးခြင်း မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းအလုပ်သမား ၄ဝနီးပါးအနက် စမွတ်စခွန်ခရိုင် ကော့စမွတ်ဒေသရှိ မြန်မာအလုပ်သမား တစ်ဆယ်ကျော်မှာ အလုပ်လျှောက်ခ ဘတ်ရှစ်သောင်းကျော်ကို ပြန်တောင်းရာမှ တရားစွဲခံထားရကြောင်း ကိုနေလင်းသူက ပြောသည်။

အချိန် ၂လကြာသည်အထိ အလုပ်မရသဖြင့် အလုပ်လျှောက်ခပြန်ပေးရန် ဩဂုတ်လ ၅ ရက်နေ့တွင် ထိုင်းနှင့် မြန်မာ ပွဲစားတို့၏ အိမ်ရှေ့သွားရောက်တောင်းဆိုခဲ့ရာ ပိုင်နက်ကျူးလွန်သည်ဟု စွပ်စွဲတရားစွဲခြင်းဖြစ်ကြောင်း AAC ထံမှ သိရသည်။

“တရားပြန်စွဲရအောင်ကလည်း သူ့ခြံဝန်းထဲမှာ ဖြစ်တာမဟုတ်ဘူး။ ပြည်သူပိုင်လမ်းမကြီးမှာ ဖြစ်တာ။ ကလေးတွေက သူ့အိမ်ရှေ့ကိုလာတယ်ဆိုပြီး စွဲတာပါ။ ဒါကတော့ ဥပဒေအတိုင်းဖြေရှင်းရမှာပေါ့။ သူ့အိမ်ထဲဝင် သောင်းကျန်းတာ မဟုတ်ဘူး။ အလုပ်သမားတွေဆီက ကောက်ခံထားတဲ့ စမတ်ကြေးတွေကို သူ့အိမ်ရှေ့ကနေ ပြန်တောင်းတာပါ” ဟု ကိုနေလင်းသူက ပြောဆိုသည်။

ငွေပြန်တောင်းရာတွင် အိမ်ရှေ့၌ အလုပ်သမားများနှင့် ပွဲစားတို့ကြား အချေအတင်ဖြစ်ခဲ့ကြသဖြင့် နှစ်ဖက်စလုံးက အာဏာပိုင်များကို ခေါ်ကာ ရုံးခန်းတွင် ဖြေရှင်းခဲ့ရကြောင်း ဆိုသည်။

၎င်းပွဲစားများသည် အလုပ်ရှာပေးမည်ဆိုကာ မြန်မာအလုပ်သမားထံမှ ဘတ် ၅၀၀၀ မှ ၉၀၀၀ အထိ ကြိုတင်ငွေယူထားကြောင်း AAC ထံမှ သိရသည်။

လက်ရှိတွင် မြန်မာအလုပ်သမားများထံမှ ကောက်ခံထားသော ကြိုတင်ငွေအားလုံးကို လာမည့်စက်တင်ဘာလတွင် ပေးချေမည်ဟု ပွဲစားက ထိုင်းအာဏာပိုင်ရုံးတွင် ဖြေရှင်းချက်ပေးခဲ့ကြောင်း ကိုနေလင်းသူက ပြောသည်။

ယင်းသို့လိမ်လည်ခံရမှုကြောင့် ငွေကုန်ပြီး အချိန်ကာလကြာမြင့်စွာ အလုပ်မရှိဘဲ နေထိုင်နေရသဖြင့် အခက်အခဲ များစွာ ဖြစ်ပေါ်နေကြောင်း လိမ်လည်ခံရသူ မြန်မာအလုပ်သမားတစ်ဦးက ပြောဆိုသည်။

“အလုပ်မရှိတော့ ယောက်ဖဆီမှာ ကပ်နေရတာပဲ။ မဟာချိုင်ရောက်တာ နှစ်လရှိပြီ။ စားဖို့သောက်ဖို့ ပိုက်ဆံတစ်ပြားမှ မရှိဘူး။ ယောက်ဖက အခန်းဖိုးလည်းရှင်းပေး စားဖို့လည်း သူပဲပေးထားတာ” ဟု ၎င်းက ဆိုသည်။

ချွန်ဘူရီခရိုင် ဘန်ပိုဒေသတွင်လည်း မြန်မာပွဲစားများက ကုန်တိုက်တွင် အလုပ်သွင်းပေးမည်ဆိုကာ အလုပ်သမား ၂၇ ဦးထံမှ ဘတ်ငွေ ၃ သိန်းကျော် လိမ်လည် ကောက်ခံထားခြင်း ဖြစ်ကြောင်း AAC အဖွဲ့ထံမှ သိရသည်။

သို့သော်လည်း တစ်လကျော်သည်အထိ အလုပ်မရရှိသေးသဖြင့် ဩဂုတ်လ ၄ ရက်နေ့တွင် အလုပ်သမားများက AAC ထံတွင် အကူအညီလာရောက်တောင်းခံကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

ကုန်တိုက်ဘက်က အလုပ်ခေါ်ယူထားခြင်းမရှိဟု ပြန်လည်ဖြေရှင်းပြီးနောက် ပွဲစားနှစ်ဦးက ငွေကြေးပြန်လျော်ကြပြီး ကျန်ပွဲစားတစ်ဦးက ပေးလျော်ရန် ငွေကြေး မြန်မာနိုင်ငံက မှာယူထားဆဲဖြစ်သည်ဟု ပြောဆိုထားသဖြင့် တရားမစွဲသေးဘဲ စောင့်ကြည့်နေကြောင်း ကိုနေလင်းသူက ပြောသည်။

ဩဂုတ်လ ၄ ရက်ကလည်း မြန်မာပွဲစားတစ်ဦးသည် မြန်မာအလုပ်သမားငါးဦးကို ထိုင်းနိုင်ငံသို့ တရားဝင်ခေါ်ယူမည် ဟုဆိုကာ ဘတ်ငွေ ၉ သောင်းကျော် လိမ်လည်သွားသဖြင့် လယောင်ရဲစခန်းတွင် အမှုဖွင့်ခံထားရသည်။