ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသားသုံးဦးသာ လွတ်မြောက်

0
1645
ပုံစာ - ထားဝယ်အကျဥ်းထောင်က ယနေ့ လွတ်မြောက်လာသူများ။

ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုရာတွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား ၃၅ဦး လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသား သုံးဦးသာပါဝင်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်-DPPN ထံက သိရသည်။

ထားဝယ်အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် နိုင်ငံရေးအကျဉ်းသားဖြစ်သည့် CDM ရဲတပ်ဖွဲ့ဝင် ဦးကျော်လင်းထွဋ်၊
ဦး‌အောင်မျိုးသန့်နှင့် မခိုင်သဇင်တို့သာပါဝင်ကြောင်း အဆိုပါကွန်ရက်က တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဦးမျိုးသန့်က အစကနိုင်ငံရေးပုဒ်မနဲ့စွဲတာ ပြီးမှတခြားပုဒ်မဖြစ်သွားတာ။ ဆိုတော့ မူလပုဒ်မကြောင့်သူလည်း နိုင်/ကျဉ်းဖြစ်တယ်ပေါ့ခင်ဗျ” ဟု ၎င်းက ဆိုသည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ထားဝယ်အကျဉ်းထောင်က အကျဉ်းသား၊ အကျဉ်းသာ ၃၅ ဦး၊ မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်အကျဉ်းစခန်းက ၄၉ ဦး၊ ကော့သောင်းအကျဉ်းထောင်က ၄၀ ဦး၊ တနင်္သာရီမြို့နယ် ဆင်ဖြူရှင် (ခေါ်) ထုံခါအကျဉ်းစခန်းက ၁၆ ဦး စုစုပေါင်း ၁၄၀ ဦးပြန်လွတ်လာကြောင်း စုံစမ်းသိရသည်။

မြိတ်၊ ကော့သောင်းနှင့် တနင်္သာရီတို့က လွတ်မြောက်သူများတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခြင်း ရှိမရှိ စုံစမ်းနေဆဲဖြစ်သည်။

စစ်ကောင်စီက ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းက အကျဉ်းထောင်၊ အချုပ်ထောင်၊ စခန်းအသီးသီးက အကျဉ်းသား၊ အကျဉ်းသူ ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသည်။

ယင်းပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွင် ညနေ ၅ နာရီအထိ နိုင်ငံရေးအကျဉ်းသား ၁၀၀ ဦးဝန်းကျင်ကိုသာ အတည်ပြုနိုင်ပြီး အမည်နှင့်တကွ အတည်ပြုနိုင်သူမှာ ၂၀ ဦးသာရှိသေးကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် – AAPP က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့အထိ နိုင်ငံတဝန်း ဖမ်းဆီးခံခဲ့ရသူ ၂၄၁၃၀ ဦး ရှိပြီး ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူဦးရေမှာ ၄၄၁၄ ဦး ရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်များ အရ သိရသည်။