အထူးသတင်းထောက်ဆိုသူအပါအဝင် သုံးဦးထံမှ လက်နက်နှင့်မူးယစ်ဆေးဖမ်းမိ

0
2370
Photo - LLPDF

မှုခင်းအထူးသတင်းထောက်တစ်ဦးအပါဝင် သုံးဦးထံမှ မူးယစ်ဆေးဝါးနှင့် လက်နက်များ ဖမ်းဆီးရမိသည်ဟု လောင်းလုံးမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ထုတ်ပြန်ခဲ့သည်။

ဇူလိုင်လ ၂၁ ရက်နေ့ ညက သတင်းအရ သွားရောက်ဖမ်းဆီးရာတွင် လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စု၊ ထိန်ကြီးရွာသားတစ်ဦးနှင့် ဂေါ့အင်းရွာသားနှစ်ဦးထံတွင် လက်နက်နှင့်မူးယစ်ဆေးဝါးများ ရှာဖွေဖမ်းဆီးရမိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

၎င်းတို့သုံးဦးအနက်တစ်ဦးမှာ မူးယစ်ဆန့်ကျင်ရေး၊သတင်းစုံစမ်းဖော်ပြရေးနှင့် ထောက်လှန်းရေး အထူးသတင်းထောက် ဆိုသူတစ်ဦးပါဝင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

“အဲဒီလူတွေ က ဟိုးအရင်ကတည်းက နာမည်ထွက်နေတဲ့သူတွေ ဆေးရောင်း ဆေးဝယ် မူးယစ်ဖောက်ကားတယ်ဆိုပြီး”ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါသုံးဦးကို ဖမ်းဆီးရှာဖွေရာတွင် ၎င်းတို့ထံမှ သေနတ်နှစ်လက်၊ဓါးရှည် ၃ချောင်း၊ ဓါးမြှောင် ၄ ချောင်း၊သုံးဆင့်ချိုးလက်ရိုက်တုတ် တစ်ခုနှင့် ၊WY ဆေးပြား ၃၇၅ ပြားအပါဝင် ငွေသား ၂၈၇၂၀၀ ကျပ်ကို သိမ်းဆည်းရမိကြောင်း ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသူသုံးဦးကို ဝန်ခံကတိရေးထိုးစေ၍ ပြင်းပြင်းထန်ထန် သတိပေးပြီး ပြန်လွတ်ပေးလိုက်ကြောင်း၊ ဖမ်းဆီးရမိသည့် ငွေသား ၂၈၇၂၀၀ ကျပ်အား လောင်းလုံးမြို့နယ် စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေးအတွက် လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း အထက်ပါအဖွဲ့က ထုတ်ပြန်ထားသည်။