ဘန်ကောက်တွင် အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

0
2053

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် လိုင်စင်မရှိဘဲ ဆေးကုသနေသည်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယင်းဆေးခန်းကို ထိုင်းကျန်းမာရေးဌာနက အာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ မြန်မာဆရာဝန်နှင့် ဆေးခန်းသုံး ပစ္စည်းများကို ဖမ်းမိကြောင်း ရေးသားထားသည်။

ဘန်ကောက်မြို့ အေကမိုင်ဒေသတွင် တရားမဝင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် CCoco အလှအပရေးရာ ဆေးခန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ပိတ်သိမ်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့က ရဲမှူးကြီးက ပြောသည်။

မအိမွန် အမည်ရှိ မြန်မာဆရာဝန်ကို ဆေးခန်း၏ အလှအပရေးရာကုသရေးတွင် ခန့်ထားပြီး ၎င်းသည် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးစစ်ခြင်း၊ ဗစ်တာမင်ထိုးသွင်းခြင်းများ ပြုလုပ်နေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သော ၎င်းသည် ကုသမှုတစ်ခုအတွက် ဘတ် ၂၀၀၀ ရရှိခဲ့ပြီး ဆေးခန်းတွင် လုပ်ကိုင်နေသည်မှာလည်း တစ်လခန့်သာရှိသေးသည်ဟု မြန်မာဆရာဝန်က ဖြေကြားကြောင်း ဖော်ပြသည်။

၎င်းကို ဆေးခန်းမန်နေဂျာအဖြစ်သာ အမည်စာရင်းသွင်းထားပြီး ကျန်းမာရေးကုသမှုများကို ဆေးကုသခွင့် လိုင်စင်မရှိဘဲ လုပ်ဆောင်နေသည်ကို တွေ့ရှိခဲ့ရသဖြင့် တရားမဝင် အလုပ်လုပ်ကိုင်နေမှုဖြင့် အရေးယူထားကြောင်း ဆိုသည်။

ဆေးခန်းဖွင့်လှစ်ထားသည်မှာ ၉ လခန့်ရှိနေပြီဖြစ်ပြီး တရုတ်၊ ဂျပန်၊ ယူကေနှင့် ဩစတေးလျနိုင်ငံများတွင် ဆိုင်ခွဲပေါင်း ၁၅ ဆိုင်ရှိကြောင်း ဖော်ပြထားသည်။

ဆေးခန်းသည် အမည်ကျော်ကြားသူများ၏ မှတ်ချက်များကို အသုံးပြုကြေညာ၍ နိုင်ငံခြားသားများကို အဓိကဆွဲဆောင်နေခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဆေးခန်းရှိ ဘတ် ငါးသန်းတန်ဖိုးရှိ ဆေးခန်းသုံးပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး သက်သေများကို ထပ်မံစုစည်းပြီးလျှင် အလုပ်ရှင်ကိုလည်း တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

Ref: Bangkok Post, Khaosod English, The Thaiger