တစ်ဖက်သတ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော ဟွန်ဆန်၏ အာဏာမြဲရေး လုပ်ဆောင်မှုများ

0
1920
ပုံစာ - ဟွန်ဆန်သည် ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ခဲ့ပြီး ၎င်း၏အာဏာကို ဆက်လက်ထိန်းထားနိုင်ရန် ကြိုးပမ်းနေသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၏ ပါတီသည် တနင်္ဂနွေနေ့တွင် ကျင်းပသော အထွေထွေရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရသွားပြီဖြစ်ကြောင်း ကြေညာလိုက်သည်။

ဟွန်ဆန်က အဓိကအတိုက်အခံပါတီကို ပိတ်ပင်ကာ လွတ်လပ်သော မီဒီယာများကို နှိပ်ကွပ်ခြင်းတို့ဖြင့် လက်ရှိကျင်းပခဲ့သည့် အထွေထွေ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်သူ လုံးဝနီးပါးမရှိအောင် လုပ်ဆောင်ခဲ့သလို ပြိုင်ဘက်မရှိအောင် လုပ်ဆောင်ခဲ့သည်။

ရွေးကောက်ပွဲတွင် မဲပေးသူ ၈၄ ရာခိုင်နှုန်းဖြင့် မဲရုံပိတ်ခဲ့ပြီး CPP နှင့် မထင်မရှား ပါတီ ၁၇ ပါတီတို့ ယှဉ်ပြိုင်ခဲ့ကြကာ လူ ၈ ဒသမ ၁ သန်း မဲပေးခဲ့ကြကြောင်း ရွေးကောက်ပွဲ ကော်မတီကဆိုသည်။

တစ်ဖက်သတ် ရွေးကောက်ပွဲတွင် အာဏာရပါတီက အပြတ်အသတ် အနိုင်ရသွားကြောင်း ရွေးကောက်ပွဲ ကော်မတီက ကြေညာလိုက်သည်။

ဟွန်ဆန်၏ ဖိနှိပ်မှုများ

ဟွန်ဆန်သည် ကမ္ဘောဒီးယားကို ဆယ်စုနှစ်လေးစုနီးပါး အုပ်ချုပ်ခဲ့ပြီး ၎င်း၏အာဏာကို ဆက်လက်ထိန်းထားနိုင်ရန် ရည်ရွယ်ကာ သူကိုယ်တိုင်နှင့် အမျိုးသားလွှတ်တော်တွင် အမတ်နေရာ ၁၂၅ နေရာလုံးကို ရရှိထားသည့် လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) အတွက် နောက်ထပ် ငါးနှစ်တာသက်တမ်းကို ရရှိရန် ကြိုးပမ်းခဲ့သည်။

ဟွန်ဆန်သည် ၎င်း၏အုပ်ချုပ်မှုကို မည်သူမျှ စိန်မခေါ်နိုင်ကြောင်း သေချာစေရန် စစ်မှန်သော အတိုက်အခံမှန်သမျှကို ဖယ်ရှားခဲ့ကြောင်း ဝေဖန်သူများက ဆိုသည်။

ဇူလိုင် ၂၃ ရက်နေ့က ကျင်းပခဲ့သည့် ရွေးကောက်ပွဲမှာ ဝေဖန်မှုအများအပြား ခံခဲ့ရသည့် ၂၀၁၈ ခုနှစ် မဲရလဒ်၏ တကျော့ပြန်အနေအထား ဖြစ်သည်။

အဆိုပါ ၂၀၁၈ခုနှစ် ရွေးကောက်ပွဲတွင် ဟွန်ဆန် သည် ယခုအခါ ပျက်ပြယ်သွားပြီ ဖြစ်သည့် အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ကို ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့သည်။

ယခုတစ်ကြိမ်မှာလည်း အဓိက အတိုက်အခံ ဖြစ်သည့် Candlelight ပါတီသည် မှန်ကန်သော စာရွက်စာတမ်းများကို ကိုင်ဆောင်ထားခြင်းမရှိဟု သတ်မှတ်ခံရသည့်အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် အရည်အချင်း ပျက်ယွင်းကြောင်း ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် မတ်လတွင်း ကမ္ဘောဒီးယား၏ လက်ရှိ အာဏာရအစိုးရသည် အတိုက်အခံ CNRP ပါတီ၏ ခေါင်းဆောင်ဟောင်း ကမ်ဆိုခါကို အစိုးရအား ဖြုတ်ချရန် ပြည်ပနှင့် ပူးပေါင်းကြံစည်မှုဖြင့် ထောင်ဒဏ် ၂၇ နှစ် ချမှတ်ခဲ့သည်။

ထို့အပြင် တစ်သီးပုဂ္ဂလများ အနေနှင့်လည်း ၎င်းတို့ကိုယ်တိုင် မဲပေးခြင်းမပြုပါက ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှ တားမြစ်နိုင်သည့် ဥပဒေကိုလည်း မကြာသေးမီက ပြင်ဆင်ထုတ်ပြန်ခဲ့သည်။

အစိုးရ၏ မီဒီယာအပေါ် ချုပ်ကိုင်မှု

ဟွန်ဆန်သည် နိုင်ငံရေးတွင်သာမက မီဒီယာလောက အထိ ပါ ၎င်း၏ ချုပ်ကိုင်မှုအာဏာ ကို ဖြန့်ကြက်ထားသူ ဖြစ်သည်။

ကမ္ဘောဒီးယားရှိ သမားရိုးကျမီဒီယာအများစုသည် အစိုးရကို လိုလားနေကြသည့်တိုက်များသာ ကျန်ကြောင်း ဂျပန်အခြေစိုက် ကမ္ဘောဒီးယား နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဗန်နာဟေးက ပြောကြားခဲ့သည်။

“ရုပ်မြင်သံကြားနဲ့ ရေဒီယိုဌာနအားလုံးကို အစိုးရလိုလားတဲ့ အဖွဲ့အစည်းတွေက စီမံတာဖြစ်လို့ ယုံကြည်ရတဲ့ သတင်းအချက်အလက်တွေဆိုတာ မရှိပါဘူး။ ဒါကြောင့် လူတွေက သတင်းရယူဖို့အတွက် Facebook သုံးကြတာပါ” ဟု ပြောရင်း လူမှုကွန်ရက် ပလက်ဖောင်းတစ်ခု ဖြစ်သည့် Facebook သည် နိုင်ငံရေး အတိုက်အခံများထံမှ သတင်းအချက်အလက်များကို ရယူနိုင်သည့် ကျော်ကြားသော ရင်းမြစ်တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဟွန်ဆန်သည် ၂၀၁၇ ခုနှစ်ကတည်းက ကမ္ဘောဒီးယားရှိ အမှီအခိုကင်းသော မီဒီယာများကို နှိမ်နင်းမှုများ ဆောင်ရွက်လာခြင်း ဖြစ်ကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် ၂၀၂၂ခုနှစ်တွင် ကမ္ဘောဒီးယား၏ မီဒီယာ တိုက် ၃ ခု ကို လိုင်စင်များ ရုပ်သိမ်းခဲ့သည်။

ယခုနှစ်အစောပိုင်းမှာလည်း ဟွန်ဆန်သည် ကမ္ဘောဒီးယား၏ အမှီအခိုကင်းသော နောက်ဆုံးလက်ကျန် မီဒီယာတိုက်များအနက် တစ်ခုဖြစ်သည့် Voice of Democracy သတင်းဌာန ကို ပိတ်ပစ်ခဲ့သည်။

RSF ၏ နှစ်စဉ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းတွင် နိုင်ငံ ၁၈၀ တွင် ကမ္ဘောဒီးယားသည် နံပါတ် ၁၄၇ တွင် ရှိသည်။

လူမှုကွန်ရက် သည် နိုင်ငံရေးဆိုင်ရာ သတင်းအချက်အလက် အတွက် အရေးကြီးသော ရွေးချယ်စရာ တစ်ခုအဖြစ် ရှိနေသေးသော်လည်း ကန့်သတ်ချက်များလည်းရှိနေသေးသည်။

“ကွန်ရက်ချိတ်ဆက်မှု ပိုမိုကောင်းမွန်လာသော်လည်း ကမ္ဘောဒီးယားပြည်သူ အများစုအနေနဲ့ လူမှုကွန်ရက် ၊ သမားရိုးကျ သတင်းမီဒီယာတွေ အပြင် ဒစ်ဂျစ်တယ်တတ်မြောက်မှုဆိုင်ရာ အသိပညာတွေ ကို ရယူအသုံးပြုနိုင်ဖို့ အကန့်အသတ်ရှိနေဆဲဖြစ်ပါတယ်” ဟု ကမ္ဘောဒီးယားလူ့အခွင့်အရေးစင်တာမှ အမှုဆောင်ဒါရိုက်တာ ဆိုဖိ(ပ်)ချက် က ပြောသည်။

ဟွန်ဆန်၏ Facebookဆိုင်ရာ အငြင်းပွားမှုများ

ဝန်ကြီးချုပ် ဟွန်ဆန် ဟာ Facebook အသုံးပြုခြင်းကို ခုံမင်သူတစ်ဦး ဖြစ်ပြီး သူ၏ နိုင်ငံရေးသတင်းစကားကို ပရိသတ် ၁၄ သန်းအထိ ဖြန့်ကျက်နိုင်သူ ဖြစ်သည်။ အဆိုပါ ကိန်းဂဏန်း သည် ကမ္ဘောဒီးယားကဲ့သို့ လူဦးရေ ၁၇ သန်းနီးပါး အနက် Facebook အသုံးပြုသူ ၁၀ သန်း ဝန်းကျင် ရှိသည့် နိုင်ငံ အဖို့ ကြီးမားသော ပမာဏ တစ်ခု ဖြစ်ကြောင်း ဒေတာစုစည်းမှု အဖွဲ့ တစ်ခု ဖြစ်သည့် DataReportal ၏ အစီရင်ခံစာအရ သိရသည်။

ယခုနှစ် ဇွန်လနှောင်းပိုင်းတွင် Facebook ၏ မိခင်ကုမ္ပဏီ Meta ၏ လွတ်လပ်သော ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ဟွန်ဆန်၏အကောင့်ကို ၎င်း၏ အကြောင်းအရာဆိုင်ရာ မူဝါဒများကို ချိုးဖောက်သည့်အတွက် ဆိုင်းငံ့ထားရန် အကြံပြုခဲ့သည်။

ပြီးခဲ့သည့် ဇန်နဝါရီလက ဝန်ကြီးချုပ်၏ မိန့်ခွန်းသည် ၎င်း၏ နိုင်ငံရေး အတိုက်အခံများအပေါ် အကြမ်းဖက်နိုင်ကြောင်း ခြိမ်းခြောက်နေသည်ဟု ယူဆသဖြင့် ဟွန်ဆန်၏ Facebook နှင့် Instagram အကောင့်များကို ခြောက်လကြာ ဆိုင်းငံ့ထားရန် ကြီးကြပ်ရေးအဖွဲ့က တောင်းဆိုခဲ့သည်။

ဟွန်ဆန်၏ အဆိုပါ မိနစ် ၄၀ ကြာ မိန့်ခွန်းကို ကမ္ဘောဒီးယား ခမာဘာသာစကားဖြင့် ပြောဆိုခဲ့ပြီး ဗီဒီယိုဖိုင်အဖြစ် Facebook တွင် တင်ခဲ့သည်။ လူမှုကွန်ရက်စာမျက်နှာ မှ ဖယ်ရှားမခံရမီ ကြည့်ရှုမှုပေါင်း ၆သိန်းကျော် ရရှိခဲ့သည်။ “သတင်းတန်ဖိုးရှိမှု” ထက် အန္တရာယ်ဖြစ်စေနိုင်သည့် အလားအလာ က ပိုအားသာနေသည့်အတွက် အဆိုပါ ဗီဒီယိုကို အွန်လိုင်းတွင် တင်ခွင့်ပေးလိုက်မိခြင်း သည် အမှားအယွင်း တစ်ခု ဖြစ်ကြောင်း ကြီးကြပ်ရေးဘုတ်အဖွဲ့မှ ထုတ်ပြန်ခဲ့သည်။

“ဟွန်ဆန်ရဲ့ လူမှုကွန်ရက်ပေါ်က ပရိသတ်အင်အားကို ကြည့်လိုက်ခြင်းအားဖြင့် Facebook မှာ ဒီလိုဖော်ပြချက်မျိုးကို ခွင့်ပြုပေးခြင်းက သူ့ရဲ့ ခြိမ်းခြောက်မှုတွေကို ပိုမိုကျယ်ပြန့်စွာ ပျံ့နှံ့စေနိုင်ပါတယ်။ ဒါဟာ Meta ရဲ့ လူမှုကွန်ရက်တွေမှာ ခြိမ်းခြောက်မှုတွေကို အားကောင်းလာစေပြီး စိုးရွံ့ထိတ်လန့်မှုတွေကို ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တစ်ခုပါ” ဟု အစီရင်ခံစာက ဆိုသည်။

အဆိုပါ ဖြစ်စဉ်ကို တုံ့ပြန်သည့်အနေဖြင့် ဟွန်ဆန်က ၎င်း၏ Facebook အကောင့်ကို ပိတ်ကာ တိုက်ရိုက်ထုတ်လွှင့်မှုအတွက် Telegram သို့ပြောင်းမည်ဟု ပြောကြားခဲ့ပြီး အဆိုပါ နည်းလမ်းသည် လူအများထံရောက်ရှိရန် “ပိုမိုကောင်းမွန်သော နည်းလမ်းဖြစ်သည်” ဟု ပြောကြားခဲ့သည်။ ထို့အပြင် TikTok အကောင့်ပါ ထပ်ဖွင့်သွားမည် ဟု ဟွန်ဆန် က ကြေညာခဲ့သည်။

ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက Facebook ပေါ်က ဟွန်ဆန်၏ ဗီဒီယိုကို ဖယ်ရှားပိတ်ပင်မှုသည် နိုင်ငံတွင်း သတင်းလွတ်လပ်ခွင့်ကို အဟန့်အတား ဖြစ်စေသည်ဟု Meta ၏ ကြီးကြပ်ရေးအဖွဲ့ ထံ ကြေညာခဲ့သည်။

ဟွန်ဆန်သည် ကမ္ဘောဒီးယားတွင် Facebook အသုံးပြုခွင့် ကို ပိတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့သော်လည်း အကောင်အထည်ဖော်မှု တစုံတရာ မရှိသေးပေ။

ခက်ခဲသော နိုင်ငံရေးအမွေကို ဆက်ခံရမည့် ဟွန်မနက်

ဟွန်ဆန်သည် နိုင်ငံရေး ကိစ္စရပ်များမှ တဖြည်းဖြည်း ဆုတ်ခွာလာနေသော်လည်း CPP ပါတီ၏ တစ်သက်တာ ဥက္ကဋ္ဌအဖြစ် ရာထူးနှင့် ကောင်းစွာ အကာအကွယ်ရထားသည့် အနေအထားကြောင့် ၎င်း၏ သြဇာနှင့် အာဏာသည် ဆက်လက် တည်တံ့နေမည် ဖြစ်သည်။

လိုအပ်ပါက ဝေဖန်မှုများကို အလွယ်တကူ ချိုးနှိမ်နိုင်ပြီး ပြည်တွင်း အတိုက်အခံများကို တားဆီးပိတ်ပင်နိုင်သည်။

ဤအခြေအနေသည် နိုင်ငံရေးနယ်ပယ် သို့ ဝင်ရောက်လာပြီ ဖြစ်သည့် သားဖြစ်သူ ဟွန်မနက် အတွက် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ဖော်ဆောင်ပေးထားသည့် ပမာ ရှိနေသည်။ 

အစပိုင်းတွင်  ဖခင်ဖြစ်သူ၏ အခွင့်အာဏာမှ အကျိုးအမြတ်ရရှိနေချိန်တွင်း ၎င်း၏ ကိုယ်ပိုင်လွတ်လပ်သော အခြေခံအာဏာ ကို ဖော်ဆောင်နိုင်ရေးအတွက်မူ အဟန့်အတားဖြစ်စေနိုင်သည်။

ဟွန်မနက် သည် CPP ၏ လွှမ်းမိုးချုပ်ကိုင်လေ့ ရှိသော နိုင်ငံရေး ယဉ်ကျေးမှုအရ သဘောထားပျော့ပျောင်းသော ၀န်ကြီးချုပ်တစ်ဦးအဖြစ် အသိအမှတ် ပြုခံရရေးအတွက် မူ ရုန်းကန်ရနိုင်သည်။

၎င်း၏ စစ်ဘက်နောက်ခံရာဇဝင်အပြင် ဟွန်မနက်သည် အမေရိကန် စစ်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့ပြီး အင်္ဂလန်နိုင်ငံ ၊ ဘရစ်စတိုလ် တက္ကသိုလ် မှ ဘောဂဗေဒ ပါရဂူဘွဲ့ ရရှိထားကာ အထင်ကြီးလောက်သော ကိုယ်ရေးအချက်အလက်များကို ပိုင်ဆိုင်ထားသည်။

သူသည် CPP ၏ နိုင်ငံရေးဗျူရိုအတွင်း ထင်ရှားကျော်ကြားလာခဲ့ပြီး ၎င်း၏ ချဉ်းကပ်ရခက်သော သဘောသဘာဝနှင့် ကျေအေးမှု သဘောသဘာဝများနှင့် မိန့်ခွန်းများကြောင့် မျိုးဆက်သစ်လူငယ်များကြားတွင် ရေပန်းစားလာကာ လူမှုရေးရာ အစီအစဉ်များတွင် ပါဝင်ပတ်သက်မှုများအတွက် အသိအမှတ်ပြုမှု ရရှိခဲ့သည်။

သို့သော် ဟွန်ဆန်၏ ချန်ရစ်ခဲ့သော နိုင်ငံရေးအမွေ ဆက်ခံနိုင်ရေးအတွက်မူ ဟွန်မနက် အတွက် စိန်ခေါ်မှုများ ရှိနေသေးသည်။

အကျင့်ပျက်ခြစားမှု၊ လူမျိုးရေးဝါဒ စွဲကိုင်ထားမှု ၊ အစိုးရနှင့် အလိုက်အထိုက် ရှိသည့် တရားရုံးများနှင့် လိုအပ်ပါက အင်အားအသုံးပြုမှုတို့ဖြင့် မှတ်ကျောက်တင်ထားသော လက်ရှိအုပ်ချုပ်မှု ယန္တရားသည် နိုင်ငံတွင်း ခေတ်မီစက်မှုစီးပွားရေးကို စီမံခန့်ခွဲရန် တောင်းဆိုချက်များနှင့် ထိပ်တိုက်တွေ့နေပြီ ဖြစ်သည်။

 ၂၀၁၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း လျင်မြန်သော စီးပွားရေးတိုးတက်မှုကို ကြုံတွေ့ခဲ့ရသည့် ကမ္ဘောဒီးယားသည် ကိုဗစ်-၁၉ ကာလအတွင်းမှာတောင် စီးပွားရေးအရ ခံနိုင်ရည်ရှိမှုကို ပြသနိုင်ခဲ့သည်။ 

ထို့ကြောင့် ဟွန်မနက် အနေနှင့် မဝေးတော့သည့် ကာလအတွင်း နိုင်ငံရေး အခင်းအကျင်းသစ် ကို ဆောင်ကြဉ်းပေးလာနိုင်မည်လား ဆိုသည်မှာမူ မရေရာသေးမှု တစ်ခု အဖြစ် ဆက်လက်ရှိနေသေးသည်။

ဘာသာပြန် – ဒါလီ

Cambodia: Hun Sen holds control of media ahead of election by DW နှင့် In Cambodia, Hun Sen Searches for the Magic Political Formula by The Diplomat  ဆောင်းပါးများကို မှီငြမ်းရေးသားသည်။