မော်လမြိုင်မြို့ပေါ်ရပ်ကွက်အားလုံးနီးပါး ရေကြီး၊ လူအချို့ပြောင်းရွှေ့နေရ

0
2288

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ပေါ်ရှိ ရပ်ကွက်အားလုံးနီးပါး ရေကြီးနစ်မြုပ်နေပြီး လူအချို့ပြောင်းရွှေ့နေရကြောင်း မြို့ခံနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် ဇူလိုင်လ ၁၈ ရက်နေ့ ညနေပိုင်းမှစတင်ကာ မြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်အချို့တို့တွင် ရေကြီးရေလျှံမှု စတင်ဖြစ်ပွားခဲ့သည်။

ယနေ့ ဇူလိုင်လ ၁၉ ရက်နေ့ နံနက်ပိုင်းမူ ဈေးကြို၊ မြိုင်သာယာ၊ သီရိမင်္ဂလာ၊ သီရိမြိုင်၊ စာရင်းကြီးကုန်း၊ ရွှေပြည်အေး၊ ရွှေပြည်စိုး၊ ဒိုင်းဝန်ကွင်း၊ ဇေယျာ ၁/၂/၃၊ သုခဝတီ အစရှိသည့် မြို့ပေါ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံမှု ဆိုးရွားနေကြောင်း မြို့ခံတို့က ပြောသည်။

“မိုးက ဆက်တိုက်ကို ရွာနေတယ်။ အခုထိလည်း သည်းကြီးမဲကြီးရွာနေဆဲပဲ။ ရပ်ကွက်တွေမှာ မနေ့ညနေပိုင်းလောက်ကတည်းက ရေစဝင်နေတာ။ ဒီမနက်မှာတော့ ရပ်ကွက်အတော်များများမှာ ရေဝင်ကုန်တယ်။ လမ်းတွေမှာလည်း ရေတွေကျော်နေတော့ သွားလာဖို့လည်း အခက်အခဲရှိတယ်” ဟု မော်လမြိုင်မြို့ခံတစ်ဦးက ပြောဆိုသည်။

ရေကြီးရေလျှံနေသည့် ရပ်ကွက်နေပြည်သူအချို့တို့ကို မီးသတ်နှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ယနေ့ နံနက် ၄နာရီခွဲခန့်မှစပြီး ဘေးလွတ်ရာသို့ စတင်ပြောင်းရွှေ့ပေးနေကြောင်း လူမှုကယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

“ကျွန်တော်တို့ တောင်ဝိုင်း ဈေးကြိုမှာ မနက် ၄ နာရီခွဲကတည်းက ကူညီကယ်ဆယ်ရေးတွေလုပ်နေပါတယ်။ လူတွေကို ရွှေ့ပြောင်းကယ်ဆယ်နေတာဖြစ်ပါတယ်။ တော်တော်များတော့ ကယ်ဆယ်ရေးစခန်းတွေမှာ ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။ ရေကတော့ များနေဆဲပါ” ဟု ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက ပြောသည်။

မွန်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများစီးဆင်းလာသည့်အတွက် မော်လမြိုင်မြို့အပြင် မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ပေါင်၊ ကျိုက်မရော၊ အစရှိသည့် ဒေသတို့တွင်းလည်း ရေကြီးရေလျှံနေကြောင်း ဒေသခံတို့ထံမှ သိရသည်။

၎င်းပြင် မော်လမြိုင်-သံဖြူဇရပ်၊ သံဖြူဇရပ်-ရေးကားလမ်းပိုင်းနေရာအချို့တို့တွင်လည်း ရေကြီးရေလျှံနေပြီး ကားများ ဆိုင်ကယ်များ အန္တရာယ်ကင်းစွာ ဖြတ်သန်းသွားလာနိုင်ရန်အတွက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့၊ ကျေးရွာနေပြည်သူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့တို့က ကူညီဆောင်ရွက်ပေးနေကြောင်း ဒေသခံတို့ထံမှသိရသည်။

မိုးလေဝသနှင့် ဇလဗေဒ၏ ဇူလိုင်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ မွန်ပြည်နယ် မုဒုံမြို့နယ်တွင် မိုးရေချိန်၉ဒသမ၆၅ လက်မ၊ ရေးမြို့နယ်တွင် မိုးရေချိန် ၉ဒသမ၀၅ လက်မ၊ မော်လမြိုင်မြို့နယ်တွင် မိုးရေချိန်၅သဒမ၃၉ လက်မ ရွာသွန်းခဲ့သည်။

မွန်ပြည်နယ်အတွင်း နောက်နှစ်ရက်အထိ ဒေသအလိုက် မိုးဆက်ကြီးနိုင်မည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနကခန့်မှန်း ထုတ်ပြန်ထားသည်။