ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သား ၃ ဦးနှင့် ထိုင်းအလုပ်ရှင် ပစ်သတ်ခံရ

0
5517

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင် တောင်ခြေရှိ ရော်ဘာခြံထဲတွင် မြန်မာအလုပ်သမား ၃ ဦးနှင့် ထိုင်းနိုင်ငံသား အလုပ်ရှင်တစ်ဦးတို့ မနေ့(ဇူလိုင် ၁၆)က သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ထိုင်းသတင်းဌာနများတွင်‌ ဖော်ပြထားသည်။

အခင်းဖြစ်ပွားမှုသည် ချွန်ဖော်ခရိုင် ဆဝီဒေသရှိ လူသူအရောက်အပေါက်နည်းသော အာရှလမ်းမကြီးနှင့် ၁၅ ကီလိုမီတာခန့်အကွာ ရော်ဘာခြံရှိ အလုပ်သမားအဆောင်အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံသား ‌ရော်ဘာခြံပိုင်ရှင်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံထားရပြီး သေဆုံးနေသည်ကို သားဖြစ်သူက တွေ့ရှိခဲ့ရပြီးနောက် ရဲစခန်းကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

ခြံပိုင်ရှင်မှာ သေနတ်ဖြင့် အချက် ၂၀ ခန့်ပစ်ခတ်ခံထားရပြီး သေဆုံးချိန် အနည်းဆုံး ၁၀ နာရီခန့် ရှိနေပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ခြံအတွင်းအနီးအနားများကို စစ်ဆေးခဲ့သောအခါ မြန်မာအလုပ်သမားတစ်ဦးမှာ ဆိုင်ကယ်နှင့်အတူ မီးရှို့ခံထားရသည့် ပုံစံမျိုးတွေ့ရကြောင်း သတင်းများကဆိုသည်။

ကျန်အလုပ်သမားနှစ်ဦးကို အလုပ်သမားအဆောင်အရှေ့နှင့် အခန်းအတွင်းတွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးလျက် တွေ့ရှိခဲ့ရပြီး ၎င်းတို့နှစ်ဦးသည် နောက်အလုပ်ရှင်တစ်ဦးမှ အလုပ်သမားများဖြစ်ကြောင်း သိရသည်။

သေနတ်သမားသည် သေနတ်အရှည်တစ်လက်ကို ကိုင်ဆောင်ကာ ခြံအတွင်းသို့ ဝင်ရောက်၍ မြန်မာအလုပ်သမားများကို တစ်ဦးချင်း လိုက်လံပစ်သတ်ခဲ့ပြီး ထိုင်းအလုပ်ရှင်က ထွက်ပြေးနေချိန် နောက်မှ လိုက်လံ၍ အချက်များစွာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း‌ သတင်းများတွင် ဖော်ပြထားသည်။

သေနတ်သမားမှာ ထိုင်းအလုပ်ရှင်၏ ကားကို ခိုးယူခဲ့ပြီး ထွက်ပြေးလွတ်မြောက်နေကြောင်း၊ သံသယရှိသူမှာ ကပ်လျက်ခြံပိုင်ရှင်ဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားသည်။

အကြောင်းမှာ သေဆုံးသွားသော ထိုင်းအလုပ်ရှင်နှင့် ခြံကပ်လျက်ရှိသော ထိုင်းရော်ဘာခြံပိုင်ရှင်တို့ ယခင်က အချင်းချင်း စကားများ ငြင်းခုံခဲ့ကြပြီး ရန်ငြိုးရှိနေခဲ့ကြောင်း သားဖြစ်သူ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ကပ်လျက်ခြံပိုင်ရှင်က မြန်မာအလုပ်သမားများသည် သူ၏ ရော်ဘာပစ္စည်းများကို ခိုးယူသည်ဟု အကြိမ်ကြိမ်စွပ်စွဲခဲ့ပြီး အလုပ်သမားများကို ခြိမ်းခြောက်နှင်ထုတ်မှုများ ပြုလုပ်နေခဲ့ကြောင်း သေဆုံးသွားသော မြန်မာအလုပ်သမားနှစ်ဦး၏ အလုပ်ရှင်ကဆိုသည်။

ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့ပြီးနောက် ခိုးယူသွားသော ကားကို စူရတ်ဌာနီခရိုင်တွင် ကားတိုက်မှုဖြစ်ထားသည့် အနေအထားဖြင့် တွေ့ရှိခဲ့ရပြီး သံသယရှိသူကို မတွေ့ရှိရသေးကြောင်း ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ထွက်ပြေးလွတ်မြောက်နေသော သံသယရှိသူကို ဆဝီဒေသရှိ နယ်မြေရဲစခန်းက ခြေရာခံစုံစမ်းစစ်ဆေးနေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: MGR Online, CH 8, Khaosod Online