ထားဝယ်ထောင်တွင် စစ်တပ်က ထောင်ဝင်စာများ တင်းတင်းကျပ်ကျပ် စစ်ဆေးနေဟုဆို

0
1861

ထားဝယ်အကျဉ်းထောင် ဝန်ထမ်းအချို့ဆီက မူးယစ်ဆေးဝါးများ ဖမ်းမိပြီးနောက် စစ်ကောင်စီတပ်သားများကို ထောင်ဝင်းအတွင်း လုံခြုံရေးချထားကာ ထောင်ဝင်စာများကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူအချို့က ပြောသည်။

ဇူလိုင်လ ၁၁ ရက်က ထားဝယ်အကျဉ်းထောင်ကို စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းနှင့် စစ်ကောင်စီတပ်သားများ ဝင်ရောက်စစ်ဆေးမှုအပြီးတွင် ယင်းသို့တင်းကျပ်လိုက်ခြင်းဖြစ်သည်။

ယင်းသိုစစ်ဆေးရာတွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းကျနေသူများထံမှ မူးယစ်ဆေးများတွေ့ရှိသဖြင့် စစ်ဆေးဖော်ထုတ်ရာ ထောင်ဝန်ထမ်းများဆီမှ ဝယ်ယူကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ထောင်ထဲကို မူးယစ်ဆေးဝါးများ တင်သွင်းရောင်းချသည့် ဝန်ထမ်းခြောက်ဦးကို ယင်းနေ့ကတည်းက ဖမ်းဆီးသွားကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူတို့က ပြောသည်။

“မူးယစ်ဆေးဝါး လက်ဝယ်တွေ့တဲ့ ထောင်ဝန်ထမ်းခြောက်ယောက်ကို အဲ့ဒီနေ့တည်းက ဖမ်းသွားတယ်လို့တော့ ကြားတယ်” ဟု အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

ယင်းနေ့ကတည်းကပင် အကျဉ်းထောင်ဝင်းထဲ စစ်ကောင်စီတပ်က လုံခြုံရေးယူထားပြီး တင်းတင်းကျပ်ကျပ်ရှာဖွေမှု စစ်ဆေးမှုများ ရှိသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ ဖခင်ဖြစ်သူက ဆိုသည်။

” ထောင်ဝင်းထဲမှာလည်း စစ်သားတွေနေရာတိုင်း လုံခြုံရေးယူထားတယ်” ဟု ထောင်ဝင်စာသွားပို့သည့်နေ့က အခြေအနေကိုပြန်လည်ပြောဆိုသည်။

နိုင်ငံရေးအကျဉ်းသားများထံမှ မူးယစ်ဆေးဝါးတွေ့ရှိသည်ဟု မကြားရကြောင်း ၎င်းက ဆိုသည်။

စစ်အာဏာသိမ်းပြီး‌နောက် ထားဝယ်အကျဉ်းထောင်တွင် မူးယစ်ဆေးဝါးကို ထောင်ဝန်ထမ်းများကိုယ်တိုင် တင်သွင်းဖြန့်ဖြူးရောင်းချနေသည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ပြောဆိုချက်များအရ သိရသည်။