ကမ္ဘာ့ရန်စွယ်ကို အံ့တုဖက်ပြိုင်ကြသူများ

0
2055

အမှိုက်ပုံဖြစ်သွားလေ့ရှိသည့် ကွမ်းသီးပင်ဘုတ်ဖတ်မှာ ကိုသန်းဇော်ဦးနှင့်တွေ့ချိန်တွင်တော့ ဆိုင်ပေါ်တင် ရောင်းချသည့် လူသုံးကုန်ပစ္စည်းများအဖြစ် ပြောင်းလဲသွားသည်။

တနင်္သာရီတိုင်းတွင် ကွမ်းသီးပင်ဖြစ်ထွန်းအောင်မြင်သည့် ပူနွေးစိုစွတ်သည့် အီကွေတာရာသီဥတုဖြစ်သည့်အတွက် ကွမ်းသီးပင်ဘုတ်ဖတ်များ ပေါများသည့်ဒေသဖြစ်သည်။

ကွမ်းသီးဘုတ်ဖတ်ကို ဆေးလိပ် လိပ်ရာတွင်သာ အနည်းစုအသုံးပြုခဲ့ပြီး အများစုမှာ အမှိုက်ပုံသို့ ရောက်ရှိသွားလေ့ရှိသည်။

မြိတ်မြို့မှ စွန့်ဦးတီထွင်သူ ကိုသန်းဇော်ဦးကမူ အမှိုက်အဖြစ်စွန့်ပစ်နေရသည့် ကွမ်းသီးဘုတ်ဖတ်ကို ပုံစံတစ်မျိုးဖြင့် အသုံးပြုနိုင်မည့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရန် အတွေးစတစ်ခု ရလာခဲ့သည်။

သူစိတ်ကူးပြီး အတွေးရလာသည့်အချိန်ကလည်း ဒီမိုကရေစီခေတ်ဦးဟု ဆိုနိုင်သည့် ၂၀၁၄ ခုနှစ်ဝန်းကျင်။

ထိုအချိန်က အမှိုက်ကောက်သည့်အဖွဲ့များ အပြိုင်အဆိုင်ပေါ်လာချိန် မြိတ်ဒေသတွင်လည်း ပရဟိတ အမှိုက်ကောက်အဖွဲ့များ ပေါ်လာသည်။

သို့ရာတွင် အမှိုက်ကောက်ခြင်းက သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေးအတွက် အထောက်အကူပြုသော်လည်း ယင်းတစ်ခုတည်းဖြင့် လုံလောက်မည်မဟုတ်ကြောင်းကို ကိုသန်းဇော်ဦးက နားလည်လိုက်သည်။

“ဒီနေ့အမှိုက်ကောက်သွားတယ် ပြောင်တယ်။ နောက်တစ်နေ့ကျရင် ထုံးစံအတိုင်းပဲ ပြန်ပြီးညစ်ပေနေတယ်။ အမှိုက်တွေ ပေါများနေတာ‌တွေ့တယ်။ အဲဒါကိုတွေ့တော့ မြို့တော်သန့်ရှင်းသာယာဖို့ဆိုတာ အမှိုက်ကောက်တာက အဖြေ မဟုတ်လောက်ဘူး။ ဒီဟာကို ကုစားနိုင်တဲ့ နည်းတစ်ခုရှိရမယ်ဆိုပြီးတော့ ရှာဖွေတော့ ပလတ်စတစ်ကို အစားထိုးတာတစ်ခု အွန်လိုင်းမှာ တွေ့တယ်။ တွေ့တော့ အကြံဖြစ်ပြီးတော့ ဒီဟာကို လုပ်ဖြစ်သွားတာ” ဟု ကိုသန်းဇော်ဦးက ပြောသည်။

ခေတ်ကာလအခြေအနေကလည်း ပလတ်စတစ်ကို အခြေခံထုတ်လုပ်ထားသည့် ဖော့ဘူးနှင့် တစ်ခါသုံးပန်းကန်များ ရေပန်းစား လူသုံးများနေချိန်ဖြစ်သည်။

ထို့ကြောင့်လည်း ပတ်ဝန်းကျင်ရှိ အမှိုက်အများစုမှာ ဖော့ဘူးများ၊ ပလတ်စတစ်ဘူးများသာ ဖြစ်နေသည်။

ကမ္ဘာတစ်ဝန်း ပလတ်စတစ်အမှိုက်တန်ချိန် နှစ်စဉ်သန်းချီစွန့်ပစ်နေကြပြီး အများစုမှာ ပင်လယ်သမုဒ္ဒရာများ အတွင်းသို့ စီးဝင်သွားလေ့ရှိသည်။

ထိုကြောင့် သမုဒ္ဒရာများအတွင်း အမှိုက်ကျွန်းဝဲကြီးများ၏ စုစုပေါင်းအရွယ်အစားမှာ ပြင်သစ်နိုင်ငံအကျယ်အဝန်း၏ သုံးဆခန့်(မြန်မာနိုင်ငံအကျယ်အဝန်း၏ ၂ ဆ ခွဲခန့်) ရှိနေပြီဖြစ်သည်။

ပင်လယ်သမုဒ္ဒရာအတွင်းသို့ ပလတ်စတစ်အမှိုက် အများဆုံးထုတ်လွှတ်သည့် နိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံက နံပါတ် ၆ နေရာတွင် ရပ်တည်နေသည်။

‌စျေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူနိုင်သည့် ပလပ်စတစ်များကို လူအများက စွဲစွဲမက်မက် သုံးစွဲနေကြရသည့် အကြောင်းအရင်းတွင် ပလပ်စတစ်အစားထိုး ပစ္စည်းများကို စျေးပေါပေါဖြင့် အလွယ်တကူ မဝယ်ယူနိုင်ခြင်းကလည်း အဓိကအချက်ဖြစ်နေသည်။

ယင်းကြောင့်လည်း သဘာဝစွန့်ပစ်ပစ္စည်းဖြစ်သည့် ကွမ်းသီးဘုတ်ဖတ်ကို နည်းပညာနှင့် ပေါင်းစပ်ကာ ဖော့ဘူးနှင့် ပလတ်စတစ်ပန်းကန်ခွက်ယောက်နေရာတွင် အစားထိုးရန် အွန်လိုင်းမှတစ်ဆင့် လေ့လာခဲ့သည်ဟု ကိုသန်းဇော်ဦးက ဆိုသည်။

ထိုသို့လေ့လာပြီးနောက် လေးနှစ်ခန့်အကြာဖြစ်သည့် ၂၀၁၈ ခုနှစ်တွင် ကွမ်းသီးဖက်မှ တစ်ခါသုံး ထမင်းဘူးနှင့် ပန်းကန်များကို တနင်္သာရီတိုင်းအတွင်း ပထမဆုံးစွန့်ဦးတီထွင်ပြီး ထုတ်လုပ်ရောင်းချခဲ့သည်။

သူကြံဆခဲ့သည့် ကွမ်းသီးဘုတ်ဖတ် ထမင်းဘူးနှင့် ပန်းကန်ခွက်ယောက် ထုတ်လုပ်သည့်အပေါ် စိတ်ဝင်စားကြသည့် ထားဝယ်ဒေသ လူငယ်အချို့ကလည်း ၎င်းထံတွင်နည်းပညာသွားသင်ကာ ဒေသတွင်း ထုတ်လုပ်လုပ်ရောင်းချလာ ကြသည်။

ကိုသန်းဇော်ဦးကလည်း နည်းပညာပါသင်ကြားပေးသည့်အပြင် ထုတ်လုပ်သည့် စက်ပစ္စည်းကိုလည်း အရစ်ကျစနစ်ဖြင့် ရောင်းချပေးခဲ့သည်။

သို့ရာတွင် သဘာဝစွန့်ပစ်အမှိုက်မှ လူသုံးကုန်ထုတ်လုပ်သည့် ကိုသန်းဇော်ဦး၏လုပ်ငန်းမှာ စိန်ခေါ်မှုများကလည်း တစ်ပုံတစ်ပင်ကြီး ရှိနေပြန်သည်။

တစ်နိုင်ငံလုံးတွင် တနင်္သာရီတိုင်း၏ လျှပ်စစ်မီတာခမှာ စျေးအများဆုံးဖြစ်သည် ယင်းကြောင့် လျှပ်စစ်မီတာခ ကုန်ကျစရိတ်မှာလည်း ထုတ်လုပ်မှုစရိတ်ကြီးမြင့်စေသည့် အချက်တစ်ချက်ဖြစ်နေသည်။

ယင်းအပြင် ကုန်ကြမ်းနှင့် ဈေးကွက်ရရှိမှုကလည်း သူ့လုပ်ငန်း အောင်မြင်မှုအတွက် အတားအဆီးဖြစ်ခဲ့သည်ဟု ကိုသန်းဇော်ဦးက ဆိုသည်။

ယင်းအချိန်က မြိတ်ဒေသတွင် လျှပ်စစ်တစ်ယူနစ်လျှင် ငါးရာကျပ်နီးပါးနှင့် ထားဝယ်ဒေသတွင် ငွေကျပ် ၂၅၀ ကျော် ကျသင့်နေသည်။ အာဏာသိမ်းပြီး ၂ နှစ်အကြာ ယခုကာလတွင် မြိတ်၌ လျှပ်စစ်တစ်ယူနစ်လျှင် ၉၈၆ ကျပ်နှင့် ထားဝယ်တွင် ၃၉၈ ကျပ် ဖြစ်နေပြီဖြစ်သည်။

ထို့ကြောင့် ဘုတ်ဖတ်ဖြင့်လုပ်သည့် ပန်းကန်ခွက်ယောက်များမှာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော်လည်း ဖော့ဘူးထက်ဈေးကြီးသဖြင့် အသုံးပြုသူနည်းပါးခဲ့သည်။

“အဓိကက လျှပ်စစ်ကို အခြေခံပြီးတော့ လုပ်ရတဲ့ ထုတ်ကုန်တွေဆိုတော့ ဒီလျှပ်စစ်ဈေးနဲ့ဆိုရင် အကျိုးအမြတ်က နည်းတာပေါ့။ အကျိုးအမြတ်နည်းတော့ ကိုယ့်ရဲ့ ကြိုးစားသလောက် ထင်သလောက် မရဘူးပေါ့။ လျှပ်စစ်ဈေး မြင့်တဲ့အခါကျတော့ သူများဒေသနဲ့စာရင် ကိုယ့်ရဲ့ ကုန်ပစ္စည်းက ဈေးတန်းမြင့်နေတာပေါ့နော်။ မြင့်နေတော့ ဈေးတန်းနိမ့်တဲ့သူတွေနဲ့ ယှဉ်ပြီးရောင်းရတော့မယ်ဆိုရင် ကိုယ်က တစ်ပိုင်းရှုံးနေတာပေါ့”

တောင်ပိုင်းသားစွန့်ဦးတီထွင်သူဟုဆိုနိုင်သည့် ကိုသန်းဇော်ဦးမှာ ကွမ်းသီးဘုတ်ဖတ်အခြေခံထုတ်လုပ်သည့် ပစ္စည်းများအပြင် အုန်းဆံမျှင်ကို အခြေခံသည့် အလှပန်းအိုးလည်း ထုတ်လုပ်ခဲ့သေးသည်။

ကွမ်းသီးဘုတ်ဖတ်ထုတ်ကုန်အတွက် ကုန်ကြမ်းဝယ်ရန် ဥယျာဉ်ခြံအတွင်းသွားချိန်တွင် ပလတ်စတစ်ပျိုးအိတ်များကို တွေ့ရာမှ အုန်းဆံမျှင်ဖြင့်ပြုလုပ်မည့် လုပ်နိုင်သည့်စိတ်ကူးရခဲ့ကြောင်း ကိုသန်းဇော်ဦးက ဆိုသည်။

“ပျိုးခင်းထဲမှာ အပင်စိုက်မယ်။ စိုက်ပြီးတော့ အိတ်ကို ဥယျာဉ်ထဲမှာပဲ ပစ်ထားခဲ့ကြတာ။ ဒီအိတ်တွေက မိုးတွင်းကာလ ဆိုရင် မိုးရေနဲ့အတူ မြစ်၊ ချောင်း၊ အင်းအိုင်ထဲပဲ ပြန်ရောက်လာတာ။ ဒီတော့ ဒါကမဟုတ်သေးဘူး။ ပျိုးပင်ပေါက် အိတ်နေရာမှာ အစားထိုးလို့ရမယ်ဟာ ရှိနိုင်မယ်ဆိုပြီး အတွေးတစ်ခုရပြီး နောက်ဆုံးတော့ လုပ်ဖြစ်သွားတာပါ” ဟု ၎င်းက ပြောသည်။

ယင်းကဲ့သို့ ပလတ်စတစ်အစားထိုး ပစ္စည်းများထုတ်လုပ်သုံးစွဲနိုင်ခြင်းအပေါ် သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများကလည်း ကြိုဆိုထောက်ခံကြသည်။

ကွမ်းသီးပင်ဘုတ်ဖတ်နှင့် အုန်းဆံမျှင်မှ ပလတ်စတစ်အစားထိုး လူသုံးကုန်ပစ္စည်းထုတ်လုပ်နိုင်ခြင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ကြီးမားသည့် အထောက်အကူဖြစ်စေကြောင်း တနင်္သာရီတိုင်းအတွင်း သဘာဝပတ်ဝန်းကျင်အရေး ဆယ်စုနှစ်တစ်ခုခန့် လုပ်ကိုင်ခဲ့ဖူးသည့် အမျိုးသားတစ်ဦးက ဆိုသည်။

“(ဘုတ်ဖတ်နှင့် အုန်းဆံမျှင်) လုပ်ထားပြီးသားပစ္စည်းသည် သုံးစွဲပြီးလို့ သုံးလို့မရတော့တဲ့အချိန် လွှင့်ပစ်လိုက်ပေမယ့် ပတ်ဝန်းကျင်အတွက် အစာပြန်ဖြစ်နေတာပေါ့။ သူက မြေဩဇာ ပြန်ဖြစ်သွားတာလေ။ အပင်ကနေ ဆင်း (ခူး) တဲ့ အချိန်ကတည်းကနေ အမှိုက်ဖြစ်သွားပြီ။ အမှိုက်ကနေ အမှိုက်ကိုသွားတဲ့ကြားမှာ ကျွန်တော်တို့လူသားတွေက အကျိုးရှိရှိ အသုံးပြုခွင့်ရသွားပေါ့” ဟု ၎င်းက ပြောသည်။

ယင်းအပြင် ထိုသို့ထုတ်လုပ်ခြင်းက ဒေသထွက်ထုတ်ကုန်တစ်ခုအနေဖြင့် ဝင်ငွေရရှိနိုင်ကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

သို့သော် အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်လာသည့် ပဋိပက္ခများနှင့် မတည်ငြိမ်မှုများကြောင့် ထုတ်လုပ်မှုကို ယာယီ ရပ်နားထားရသော်လည်း ကိုသန်းဇော်ဦးကမူ စိတ်ပျက်ခြင်းမရှိဘဲ အခွင့်ကြုံသည့်အချိန်တွင် နိုင်ငံခြားအထိ တင်ပို့ရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။

“လုပ်ငန်းထဲမှာ စိတ်က အမြဲနစ်ထားတယ်။ လုပ်သားတွေက အလုပ်ထုတ်လို့မှ မဖြစ်တာ။ သုတေသနနဲ့ စမ်းသပ်မှု တွေက အမြဲတမ်းလုပ်နေရတာ။ ကြားမှာ ဘာလုပ်လဲဆိုရင် စက်တွေပြင်ဆင်တယ်။ သန့်ရှင်းရေးတွေ လုပ်တယ်။ ပုံစံခွက်‌တွေ ဘာတွေ ပြင်ရတာ‌တွေ ရှိတယ်။ ကုမ္ပဏီတစ်ခုနဲ့ စကားပြောထားတာရှိတယ်။ နိုင်ငံခြား export လုပ်ဖို့ အတွက်ပါ” ဟု ကိုသန်းဇော်ဦးက ပြောသည်။