ထားဝယ်မြို့အနီး လက်နက်ကြီးပစ်ခတ်သံများထွက်ပေါ်နေ၊ ရွာအနီးကျရောက် ပေါက်ကွဲ

0
2202

ထားဝယ်မြို့အနီးတွင် ယနေ့ ဇူလိုင်လ ၁၄ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကစပြီး လက်နက်ကြီးပစ်ခတ်သံများ ဆူညံစွာထွက်ပေါ်နေကြောင်း မြို့ခံအချို့က ပြောသည်။

လက်နက်ကြီးအချက်ရေ ဆယ်နှင့်ချီ ပစ်ခတ်သံများထွက်ပေါ်နေပြီး အဆိုပါလက်နက်ကြီးပစ်ခတ်သံကို ထားဝယ်မြို့ပေါ်က ကြားနေရခြင်းဖြစ်သည်။

အဆိုပါလက်နက်ကြီးသံတို့မှာ ထားဝယ်မြို့မှ ငါးမိုင်ခန့်အကွာ ဇဟာကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲမှုများ ရှိနေကြာင်း ‌ဒေသခံတစ်ဦးက ပြောသည်။

“ကျွန်တော်တို့ အိမ်ထဲကနေအိမ်ပြင်တောင် မထွက်ရဲဘူး” ဟု ဇဟာ‌ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။

အလား‌တူ လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာဖက်တွင်လည်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

“လက်နက်ကြီးတွေက ထိန်တွင်းရွာကိုကျော်ပြီး ခမောင်းတောင်ဘက်မှ သွားကျနေတာ” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီကျော်တွင် ပြောသည်။

အနီးနားကျေးရွာက ကလေးနှင့် သက်ကြီးရွယ်အိုများကို ပြောင်းရွှေ့ပေးနေကြကြောင်းလည်းဆိုသည်။

ခမောင်းတောင်ရွာမှာ ထားဝယ်မြို့မှ ၆ မိုင်ဝန်းကျင်သာ ကွာဝေးသည်။

လတ်တလောတွင် အဆိုပါကျေးရွာနှစ်ခုကိုသာ Dawei Watch အနေဖြင့် အတည်ပြုနိုင်သေးပြီး နောက်ထပ် မည်သည့်နေရာတို့တွင် ကျရောက်ပေါက်ကွဲမှုများရှိနေသည်ကို စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါလက်နက်ကြီးကို သပြေချောင်းတပ်နယ်ဘက်က ပစ်ခတ်နေခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ခန့်မှန်းနေကြသည်။

လက်နက်ကြီးပစ်ခတ်မှု အသေးစိတ်အခြေအနေကို မသိရသေးဘဲ နောက်ဆက်တွဲ‌မေးမြန်းပြီး ဆက်လက်ဖော်ပြပါမည်။