ဘုတ်ပြင်းတွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်

0
1854

ဘုတ်ပြင်းမြို့နယ်တွင် တစ်ပတ်အတွင်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ချောင်းမွန်ကျေးရွာအနီး ပြည်ထောင်စုလမ်းတွင် ဇူလိုင်လ ၃ ရက်နေ့က တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ ၉ ရက်နေ့တွင်လည်း ချောင်းကဖက်ရွာတွင် တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသခံများက ပြောသည်။

အဆိုပါကျေးရွာနှစ်ရွာသည် ပြည်ကြီးမဏ္ဍိုင်မြို့နှင့် ဘုတ်ပြင်းမြို့အကြားတည်ရှိသည်။

“(ချောင်းကဖက်ရွာဖက်မှာ ဖြစ်သွားတာက မနက်) စောစောကတစ်ကြိမ် ညနေကတစ်ကြိမ်ဖြစ်တယ်။ အိမ်တစ်ဆောင်လည်း မီးရှို့ခံရတယ်လို့ကြားရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

တိုက်ပွဲဖြစ်ပွားစဉ် ချောင်းကဖက်ရွာက ဒေသခံအချို့ စိုးရိမ်ကာ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ၎င်းတို့ထံမှ သိရသည်။

ယင်းကျေးရွာဖက်သို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက် ထိခိုက်ကျဆုံးမှုရှိသည်ဟုကြားရကြောင်း ဒေသခံအမျိုးသားနောက်တစ်ဦးက ပြောဆိုသည်။

တိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ လတ်တလောတွင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

ဇူလိုင်လ ၃ ရက်နေ့ကလည်း ချောင်းမွန်ရွာအနီး ပြည်ထောင်စုလမ်းပေါ်တွင် အိမ်စီးကားသုံးစီးဖြင့် ကင်းလှည့်လာသည့် စစ်ကောင်စီတပ် ခြုံခိုတိုက်ခိုက်ခံခဲ့ရသည်။

ယင်းနောက် ပစ်ခတ်မှု တစ်နာရီခန့်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားလေးဦးထက်မနည်း သေဆုံးခဲ့ရသလို့ လက်နက် သုံးလက်ကိုလည်း ရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုနည်းပြီး ပျူစောထီးများ မကြာခဏ ပစ်သတ်ရှင်းလင်းခံနေရသည့် ဘုတ်ပြင်းနှင့် ကော့သောင်း မြို့နယ်တို့တွင် စစ်ကောင်စီတပ်က အရပ်သားအချို့အား PDF ထောက်ပို့ဟုစွပ်စွဲကာ ဖမ်းဆီးမှုများလည်း ရှိနေသည်။