ထိုင်းဝန်ကြီးချုပ် ပရာယွတ် နိုင်ငံရေးလောကမှ အနားယူ၊ ပါတီက နုတ်ထွက်ကြောင်းကြေညာ

0
1965

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဖြစ်သော ပရာယွတ် ချန်အိုချာသည် နိုင်ငံရေးလောကမှ အနားယူပြီး ၎င်း၏ ပါတီဖြစ်သော United Thai Nation Party က နုတ်ထွက်လိုက်ပြီဖြစ်ကြောင်း ယနေ့ ဇူလိုင် ၁၁ ရက်တွင် ကြေညာလိုက်သည်။

ယင်းထုတ်ပြန်ချက်ကို ပါတီ၏ Facebook စာမျက်နှာပေါ်တွင် ရေးသားထားခြင်းဖြစ်သည်။

ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည် ကိုးနှစ်တာကာလအတွင်း နိုင်ငံ၊ ဘာသာ၊ ဘုရင်စနစ်နှင့် ပြည်သူများကို ကာကွယ်ရန် အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း ပရာယွတ်က ပြောသည်။

ထိုင်းနိုင်ငံနှင့် နိုင်ငံသားများကို ထိန်းသိမ်းစောင့်ရှောက်ပေးရန်အတွက် နိုင်ငံရေးသဘောထား ကိုက်ညီသော လုပ်ရပ်များဖြင့် ရှေ့ဆက်လုပ်ဆောင်ကြရန်ကိုလည်း ပါတီအဖွဲ့ဝင်များ၊ ဘုတ်အဖွဲ့ဝင်များနှင့် ပါတီခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

ပြည်သူလူထုကိုလည်း ၎င်းပါတီ၏ လုပ်ငန်းစဉ်များကို ထောက်ပံ့ပေးကြရန်လည်း တိုက်တွန်းခဲ့ပြီး မေလ ရွေးကောက်ပွဲတွင် ပါတီနှင့် ၎င်းကို ထောက်ခံခဲ့သူများအား ကျေးဇူးတင်ကြောင်းလည်း ပြောဆိုသည်။

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် ၂၀၁၄ ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် ဝန်ကြီးချုပ်ရာထူးကို ရယူခဲ့သူဖြစ်သည်။

Ref: Thai PBS World, Khaosod English