မွန် NLD ပါတီက လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏နေအိမ် ချိပ်ပိတ်ခံရ

0
2065

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်၏ နေအိမ်ကို စစ်ကောင်စီက ချိပ်ပိတ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ကျိုက်မရောမြို့၊ ရှင်စောပုရပ်ကွက် (၃) ၊ ဗညားနွဲ့လမ်းရှိ နေအိမ်ကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်တို့က ဇွန်လ ၂၀ ရက်နေ့ ညနေပိုင်းတွင် လာရောက်ချိပ်ပိတ်သွားကြောင်း ၎င်းတို့က ဆိုသည်။

“ဒေါ်ခင်မျိုးမြင့်က စစ်တပ်အာဏာသိမ်းပြီးတော့ အမှုဖွင့်ခံထားရတယ်။ သူက အဲဒီကတည်းက တိမ်းရှောင်နေရတယ်” ဟု နီးစပ်သည့်ပါတီဝင်တစ်ဦးက ပြောသည်။

ဒေါ်ခင်မျိုးမြင့်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ခံထားရပြီး လက်ရှိအချိန်အထိ တိမ်းရှောင်နေရသူ ဖြစ်သည်။

ဒေါ်ခင်မျိုးမြင့်သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ကျိုက်မရောမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၁) နေရာတွင် NLD ပါတီ ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အနိုင်ရရှိထားသူဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် မွန်ပြည်နယ်အတွင်းရှိ NLD လွှတ်တော်ကိုယ်စားလှယ်အများစုမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေကြရသည်။

အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်အပါအဝင် တစ်နိုင်ငံလုံးတွင် NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိပ်ပိတ် သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ထားသည်။