သရက်ချောင်း ရငဲရွာက နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

0
2382

သရက်ချောင်းမြို့နယ် ရငဲကျေးရွာ အင်းဘူးပိုင်းရှိ နေအိမ်များကို စစ်ကောင်စီတပ်က ယနေ့ ဇွန်လ ၁၆ ရက် နံနက် ၉ နာရီခန့်မှစပြီး မီးရှို့နေကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ဘေးရှောင်နေရသဖြင့် ရွာထဲလူမရှိတော့ချိန် စစ်ကောင်စီတပ်က ရွာထဲဝင်လာပြီး နေအိမ်များကို မီးရှို့နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

ယနေ့ နံနက် ၁၀ နာရီကျော်အထိ ရွာထဲတွင် မီးခိုးလုံးများထွက်ပေါ်နေသည်ကို အဝေးကလှမ်းမြင်နေရကြောင်း ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောဆိုသည်။

ရငဲရွာအနီး မြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယနေ့နံနက်တွင် လက်နက်ကြီးတစ်ချက် ပစ်ပြီးနောက် ရငဲရွာထဲ ဝင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အင်းဘူးထဲရောက်တော့ အိမ်တွေကို မီးစရှို့တာပဲ။ လောလောဆယ် အဝေးက မီးခိုးလုံးတွေကိုကြည့်ပြီး မှန်းကြည့်တာကတော့ အနည်းဆုံး အိမ်သုံးဆောင်လောက်တော့ ရှို့ခံထားရတယ်လို့ထင်တယ်ဗျ။ မီးခိုးတွေက ဟိုနေရာကထွက်လာ ဒီနေရာက ထွက်လာ အဲဒီလိုဖြစ်နေတယ်” ဟု ၎င်းက ယနေ့ နံနက် ၁၀ နာရီကျော်အချိန်က ဆိုသည်။

စစ်ကောင်စီတပ်က ရငဲရွာအနီးက မြွေ‌တောင်၊ ဝဲရစ်ကျေးရွာ၊ မင်းဒပ်ကျေးရွာတို့တွင် ဆက်လက် တပ်စွဲထားဆဲဖြစ်ပြီး ယခု ရငဲရွာထဲ မီးရှို့နေသည်မှာ မြွေတောင်တွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စစ်ကောင်စီတပ်မရှိသည့် အနီးနားကျေးရွာက ဒေသခံအနည်းငယ်မှာ ရွာထဲဝင်ရောက်နေသည်များရှိကြောင်း ဆိုသည်။

“ရွာထဲဝင်တယ်ဆိုတာကလည်း သတိနဲ့ဝင်နေကြတာ။ ဖြစ်လာရင်ထပ်ပြေးလို့ရအောင်တော့ အဆင်သင့်လုပ်ထားကြတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

အချို့ဒေသခံများမှာ နီးစပ်ရာကျေးရွာများရှိ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။