နိုင်ငံတွင်း လုံခြုံရေးစိုးရိမ်မှုကြောင့် AirDrop နှင့် Bluetooth တို့ကို ပိတ်ပင်ရန် တရုတ်ကြိုးပမ်း

0
2021

တရုတ်နိုင်ငံ၏ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကြောင့် Bluetooth နည်းပညာ နှင့် Apple ၏ AirDrop ကဲ့သို့သော ဖိုင်မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို တားစီးပိတ်ပင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ဇွန်လ (၆)ရက်နေ့တွင် အဆိုပါ ဆိုက်ဘာဝန်းကျင်ဆိုင်ရာ ထိန်းချုပ်ကွပ်ကဲရေးဌာနသည် တစ်လကြာ အများပြည်သူဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုကို စတင်ခဲ့ပြီး Bluetooth၊ Wi-Fi နှင့် အခြားသော အကွာအဝေးတို ကြိုးမဲ့ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်းမူကြမ်းများ ကို ထုတ်ပြန်ခဲ့သည်။

ဤသို့ အဆိုပြုထားသော စည်းမျဉ်းများသည် နိုင်ငံတော်လုံခြုံရေးနှင့် လူမှုရေးဆိုင်ရာ ပြည်သူ့အကျိုးစီးပွားကို ထိန်းသိမ်းရန် ရည်ရွယ်ထားကြောင်း ယင်းဌာနက ဆိုသည်။ ယင်း  စည်းမျဉ်းများနှင့်ပတ်သက်၍ ပြည်သူများအနေနှင့် ဇူလိုင် ၆ ရက်အထိ ၎င်းတို့၏ သဘောထားမှတ်ချက်ကို ပေးနိုင်ကြောင်း သိရသည်။

ဤမူကြမ်းတွင် နည်းပညာဝန်ဆောင်မှုပေးသူများအနေနှင့် ဤသို့သော ကွန်ရက်များမှတစ်ဆင့် အန္တရာယ်ရှိသော ၊ တရားမဝင်သော သတင်းအချက်အလက်များ ဖြန့်ဖြူးနိုင်မှုကို တားဆီးနိုင်သည် ဟူသည့် အချက်လည်း ပါဝင်လာသည်။

အခြားသော အဆိုပြုထားသော စည်းမျဉ်းများတွင် သုံးစွဲသူများအား “မလိုလားအပ်သော အချက်အလက်များကို ထုတ်လုပ်ခြင်း၊ ကူးယူခြင်းနှင့် ဖြန့်ဝေခြင်းတို့ကို တားဆီးကာကွယ်ရန်” ဆိုသည့် အချက်လည်း ပါဝင်သည်။ ထို့အပြင်  အဆိုပါအချက်များကို မလိုက်နာပါက သက်ဆိုင်ရာကို တိုင်ကြားနိုင်ကြောင်း သိရသည်။

ထို့နောက် ဤသို့သော ဖိုင်မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကို အသုံးမပြုမီ ၊  သုံးစွဲသူများအနေနှင့် ၎င်းတို့၏အမည်ရင်းဖြင့် စာရင်းသွင်းရမည်ဖြစ်ပြီး ယင်းလုပ်ဆောင်ချက်များကို ပုံမှန်အားဖြင့် စက်များတွင် ပိတ်ထားရမည် ဟု ပါရှိသည်။

Bluetooth နှင့် AirDrop စသည့် နည်းပညာဖြင့် လုပ်ဆောင်ချက်များကို အသုံးပြုခြင်းဖြင့် စမတ်ဖုန်းအသုံးပြုသူများသည် မည်သူမည်ဝါ ဖြစ်ကြောင်း ဖော်ပြစရာမလိုပဲ ၎င်းတို့အနီးရှိ အခြားဖုန်းများနှင့် အပြန်အလှန် စာမက်ဆေ့ခ်ျများနှင့် ပုံများကို မျှဝေနိုင်သည်။

ဤလုပ်ဆောင်ချက်သည် တရုတ်နိုင်ငံ၏ တင်းကျပ်သော ဆင်ဆာဖြတ်တောက်မှုစည်းမျဉ်းများကို ရှောင်လွှဲနိုင်နေသည့်အတွက် ယခုလို မူကြမ်းထုတ်ပြန်မှု စတင်လာခြင်း ဖြစ်သည်။ တရုတ်သည် နိုင်ငံတွင်း သုံးစွဲခွင့် ပြုထားသည့် စာတိုပေးပို့ခြင်းပလက်ဖောင်းများနှင့် လူမှုကွန်ရက်အများစုကို အနီးကပ် စောင့်ကြည့်နေသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်။

ဖိုင်မျှဝေခြင်းနှင့် ပတ်သက်ပြီး Google ၏ Android နည်းပညာသုံး စမတ်ဖုန်းများအပြင် Oppo နှင့် Xiaomi အပါအဝင် တရုတ်ဖုန်းထုတ်လုပ်သူများ၏ စမတ်ဖုန်းများသည်လည်း ၎င်းတို့၏စက်ပစ္စည်းများတွင် တွဲဖက်အသုံးပြုနိုင်သည့် အလားတူ လုပ်ဆောင်ချက်များကို ပံ့ပိုးပေးထားသည်။

၂၀၂၂ခုနှစ်တွင် တရုတ်ဆန္ဒပြသူအချို့သည် မျက်ခြေမပြတ် ထောက်လှမ်းခံရမှုကို ကျော်ဖြတ်ကာ အစိုးရကို ဝေဖန်သည့် မက်ဆေ့ချ်များကို Airdrop လုပ်ဆောင်ချက်ကို အသုံးပြုပြီး  အများသုံး သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်ရှိ အခြားသူများထံ ဖြန့်ကျက်နိုင်ခဲ့မှုအပြီး Apple ကိုလည်း တရုတ် ဆိုင်ဘာစောင့်ကြည့်ရေးဌာနက သတိပြုမိလာခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် တက်ကြွလှုပ်ရှားသူအချို့သည် ရှန်ဟိုင်း မြေအောက်ရထားပေါ်တွင် AirDrop ကိုအသုံးပြု၍ ရှီကျင့်ဖျင်ဆန့်ကျင်ရေးပိုစတာများကို မျှဝေခဲ့ကြသည်။ ၎င်း ဖြစ်ရပ်သည် ရှီကျင့်ဖျင် ၏ နိုင်ငံ့ခေါင်းဆောင်အဖြစ် တတိယသက်တမ်းကို ထမ်းဆောင်နေသည့် ကာလအတွင်း ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ် အပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် Apple အနေနှင့် တရုတ်နိုင်ငံရှိ iPhone အသုံးပြုသူများအတွက် ၎င်း၏ AirDrop လုပ်ဆောင်ချက်ကို ဖွင့်လိုက်သည့် တစ်ကြိမ်လျှင် 10 မိနစ်ကြာ ၊ နံပါတ်မှတ်သားထားခြင်း မရှိသူများထံမှ ဖိုင်များကို လက်ခံနိုင်သည် ဟု ကန့်သတ်ခဲ့ရသည်။   ယခင်ကမူ AirDrop လုပ်ဆောင်ချက်နှင့် ဖိုင်မျှဝေမှုသည် အချိန်ကန့်သတ်ချက်မရှိခဲ့ပေ။

Reference

●       The Straits Times