PDF ရဲဘော်သုံးဦးအား မြန်မာစစ်ကောင်စီထံလွှဲပေးမှုဖြေရှင်းပေးရန် ထိုင်းအစိုးရကို ထိုင်းနိုင်ငံရေးပါတီတောင်းဆို

0
2341

မဲဆောက်တွင် ဆေးလာကုသည့် မြန်မာတော်လှန်ရေးရဲဘော်သုံးဦးကို ထိုင်းလဝကက ဖမ်းဆီးခဲ့ပြီး မြန်မာစစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF ထံသို့ ပြန်လည်အပ်နှံမှုကို အပြင်းအထန်ရှုတ်ချပြီး ဖြေရှင်းချက်ပေးရန်လည်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သော The Commoners’ Party က တောင်းဆိုလိုက်သည်။

ဧပြီလ ၈ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါ တော်လှန်ရေးရဲဘော်သုံးဦးမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေသည့် ကရင်ပြည်နယ်အခြေစိုက် Lion Battalion Commando အဖွဲ့က ဒုတိယစစ်ကြောင်းမှူး ကိုသီဟ၊ ပြန်ကြာရေးတာဝန်ခံ ကိုထက်နေဝန်းနှင့် တပ်ဖွဲ့ဝင် စောဖြိုးလေးတို့ ဖြစ်သည်။

တိုက်ပွဲတွင် ရရှိသည့် ဒဏ်ရာကို ထိုင်းနိုင်ငံ မဲဆောက်မြို့၌ သွားရောက်ဆေးကုသစဉ် လမ်းမှားသွားမိသဖြင့် ဧပြီလ ၁ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက ထိန်းသိမ်းထားခဲ့ခြင်းဖြစ်သည်။

ယင်းနောက် ဧပြီလ ၄ ရက် နံနက်အစောပိုင်းတွင် တော်လှန်ရေးရဲဘော်သုံးဦးကို ထိုင်းလဝကအရာရှိများက နယ်စပ် လှေဆိပ်မှတစ်ဆင့် BGF လက်ထဲ လွှဲပြောင်းပေးခဲ့ပြီး ပစ်ခတ်ဖမ်းဆီးမှုများဖြစ်ခဲ့သည်ဟုလည်း သတင်းအချို့တွင် ဖော်ပြသည်။

ထိုသို့ လွှဲအပ်ရာတွင် လူသေဆုံးမှုဖြစ်ပေါ်စေခဲ့ရာ ထိုင်းနိုင်ငံသည် ညှင်းပန်းနှိပ်စက်မှုနှင့် လက်စဖျောက်ဖမ်းဆီးမှုကို ဆန့်ကျင်သောဥပဒေအား ချိုးဖောက်နေသဖြင့် ဖြေရှင်းပေးရန် The Commoners’ Party က တောင်းဆိုခြင်းဖြစ်သည်။

တော်လှန်ရေးရဲဘော်တစ်ဦး သေဆုံးပြီး ကျန် နှစ်ဦးမှာ စစ်ကြောရေးသို့ ပို့ဆောင်ခံထားရသည်ဟု သတင်းထွက်ပေါ်နေသလို သုံးဦးစလုံး စစ်ကြောရေးတွင် ရှိနေသည်ဟုလည်း ပြည်တွင်း သတင်းမီဒီယာများတွင် ဖော်ပြသည်။

စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ သေဆုံးမှုဖြစ်စဉ်မှာ မဟုတ်မမှန်ကြောင်း BBC သတင်းဌာနသို့ ဧပြီလ ၈ ရက်နေ့က ဖြေကြားထားသည်။

The Commoners’ Party ၏ ကြေညာချက်တွင် တော်လှန်ရေးရဲဘော်များ၏ ဆေးကုသခွင့်ကို ငြင်းဆန်လိုက်ခြင်းသည် နိုင်ငံတကာ ဂျီနီဗာ စစ်ဘက်ဆိုင်ရာ ဥပဒေများကို ဖောက်ဖျက်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့အပေါ် ညှင်းပန်းနှိပ်စက်မှုများဖြစ်စေရန် နေရပ်ပြန်လည်ပို့ဆောင်ပေးမှုကလည်း ညှင်းပမ်းနှိပ်စက်မှုနှင့် အတင်းအကျပ်နေရပ်ပြန်ပို့မှုကို ဆန့်ကျင်သော နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ထားခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ထိုင်းနိုင်ငံသည် မြန်မာစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များ၊ ပြည်သူများအပေါ် ရက်ရက်စက်စက် ဖိနှိပ်ညှင်းပန်းနှိပ်စက်မှုများကို အားပေးကူညီကာ ပါဝင်ပက်သက်နေခဲ့ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထိုင်းနိုင်ငံအနေဖြင့် အဆိုပါလုပ်ရပ်များသည် ညှင်းပမ်းနှိပ်စက်မှုနှင့် လက်စဖျောက်ဖမ်းဆီးမှုကို ဆန့်ကျင်သော ဥပဒေပုဒ်မ ၁၃ အရ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာ ဥပဒေများကို ချိုးဖောက်ထားခဲ့ကြောင်းလည်း ဆိုသည်။

ပုဒ်မ ၁၃ တွင် လူတစ်ဦးသည် လက်စဖျောက်ဖမ်းဆီးခံရမှု၊ လူမဆန်ရက်စက်စွာ ဆက်ဆံခံရမှု၊ ညှင်းပမ်းနှိပ်စက်ခံရမှု စသော အန္တရာယ်များနှင့် ကြုံတွေ့ခဲ့ရပါက မည်သည့်အစိုးရအဖွဲ့အစည်း သို့မဟုတ် အရာရှိများက ၎င်းတို့ကို နှင်ထုတ်ခြင်း၊ နေရပ်ပြန်ပို့ခြင်း မရှိစေရဟု ပြဋ္ဌာန်းထားသည်။

ထို့ကြောင့် နိုင်ငံတကာဥပဒေနှင့် ပြည်တွင်းဥပဒေများကို ချိုးဖောက်ခဲ့ခြင်း ရှိမရှိ ဝန်ကြီးချုပ် ပရာယွတ်ချာအိုချာက ပြည်သူလူထုကို ဖြေရှင်းချက်ပေးရန် ယင်းပါတီက တောင်းဆိုထားသည်။

တော်လှန်ရေးရဲဘော်သုံးဦးကို စစ်ကောင်စီထံသို့ လွှဲပြောင်းခြင်းမှာ နိုင်ငံတကာရဲလုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုမရှိဘဲ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ကန့်ကွက်ထားသည်။

မြန်မာနိုင်ငံသားများ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဖြေရှင်းလျက်ရှိနေကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။