တနင်္သာရီ သိန်ခွန်းအုပ်စုတွင် နေအိမ်နှင့် ဈေးဆိုင်အချို့ဖျက်ဆီးမီးရှို့ခံရ၊ ဘုရားကျောင်းလည်း လက်နက်ကြီးထိမှန်

0
2193
Photo - ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၂)

တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာအုပ်စုက ရွာသုံးရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ ဖျက်ဆီးမီးရှို့ခံရပြီး ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်းလည်း လက်နက်ကြီးကျည် ထိမှန်ပျက်စီးကြောင်း ဒေသခံများက ပြောသည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က သိန်ခွန်းကျေးအုပ်စုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး လမ်းတစ်လျှောက်က သိန်ခွန်း၊ ချောင်းနှစ်ပေါက်နှင့် သဲဖြူရွာရှိ နေအိမ်နှင့် ဈေးဆိုင်အချို့ကို မီးရှို့ဖျက်ဆီးသွားကြောင်း ပြည်သူ့ကာကွယ်ရေး၊ မြိတ်ခရိုင်တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။

ထို့အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက်လည်း သဲဖြူရွာရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်း ပျက်စီးခဲ့ရကြောင်း ရေးသားထားသည်။

“နေအိမ်သုံးလေးဆောင် မီးရှို့ခံရတယ်။ လဖက်ရည်ဆိုင်၊ ဈေးဆိုင်တွေကိုလည်း ဝင်ပြီး ရိုက်ခြေဖျက်ဆီးသွားတယ်။ သူတို့လိုတဲ့ ပစ္စည်းတွေလည်း ယူသွားတယ်လို့ သိရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ယင်းကျေးရွာအုပ်စုတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်ကစတင်ပြီး ယနေ့ ဧပြီလ ၁၀ ရက် အထိ နေ့စဉ်ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံများသည်လည်း နေအိမ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲများကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းဖြစ်သည့် ထုံခါ-မောတောင်လမ်းကို ပြည်သူ့ကာကွယ်ရေး တပ်များက မတ်လ ၃၁ ရက်တွင် ပိတ်ခဲ့သည်။ ဧပြီလ ၃ရက်တွင်လည်း မြိတ်-ကော့သောင်း ပြည်ထောင်စုလမ်းကို မြိတ်မြို့နယ်ကြေးနန်းတိုင်တံတားမှ ဘုတ်ပြင်းမြို့နယ်၊မနိုးရုံးကျေးရွာအထိ ထပ်ပိတ်ခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရသလို နေအိမ်ပျက်စီးမှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် ကျေးရွာများကိုလည်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုများရှိနေကြောင်းလည်း ဒေသခံများက ပြောဆိုကြသည်။

စစ်အုပ်ချုပ်ရေးကြေညာခံရပြီးနောက် တနင်္သာရီနှင့် ပုလောမြို့နယ်တို့အား နှစ်ဖက်တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်လာခဲ့ပြီး တိုက်ပွဲအနီးရှိ ကျေးရွာများမှ ပြည်သူများ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။