စစ်အုပ်ချုပ်ရေးကြေညာထားသည့် တနင်္သာရီနှင့် ပုလောတွင် စစ်ဘေးရှောင်အများဆုံးရှိနေ

0
2715

တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင်ဦးရေ ၇၀၀၀ ကျော်ရှိသည့်အနက် စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောနှင့် တနင်္သာရီမြို့နယ်တွင် အများဆုံးဖြစ်နေကြောင်း သိရသည်။

ဒေါန တနင်္သာရီ စစ်ဘေးရှောင်အထောက်အကူပြုအဖွဲ့၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီလအတွင်း တနင်္သာရီတိုင်းတွင် စစ်ဘေးရှောင် ၇၀၀၀ ကျော်ရှိနေသည်။

ယင်းစစ်ဘေးရှောင် ၇၀၀၀ ကျော်အနက် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ပုလောနှင့် တနင်္သာရီမြို့နယ် နှစ်ခုပေါင်းတွင် ၆၀၀၀ ကျော်ရှိနေသည်။

တနင်္သာရီမြို့နယ်တွင် ၂၀၀၀ ကျော်၊ ပုလောမြို့နယ်တွင် ကနဦး စစ်ဘေးရှောင် ၂၆၀၀ ကျော်ရှိနေပြီး နောက်ပိုင်း သင်္ကန်းတော၊ တို၊ တန်းရှင်းနှင့် ရှပ်ပုံကျေးရွာတို့မှ နောက်ထပ် စစ်ဘေးရှောင် ၂၀၀ဝ ကျော်ရှိနိုင်ကြောင်း ယင်းအဖွဲ့က ခန့်မှန်းထားသည်။

စစ်ဘေးရှောင်အရေအတွက်သည် ပုံသေမရှိဘဲ စစ်ကြောင်းထိုးဝင်ရောက်လာမှု၊ တိုက်ပွဲဖြစ်ပွားမှုပေါ်မူတည်ပြီး အပြောင်းအလဲရှိကြောင်းလည်း ဆိုသည်။

အချို့စစ်ဘေးရှောင်များမှာ နီးစပ်ရွာ ဥယျာဉ်ခြံများနှင့် မြို့ပေါ်နေအိမ်များတွင် သွားရောက် ရှောင်တိမ်းခြင်းများလည်း ရှိနေသဖြင့် စာရင်းကောက်ယူရာ၌ မပါဝင်သူများလည်းရှိနေရာ မြေပြင်တွင် စစ်ဘေးရှောင်ပမာဏမှာ ယခုထက်ပိုမိုနိုင်သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လှုပ်ရှားမှုအားကောင်းသည့် ပုလောနှင့် တနင်္သာရီမြို့နယ်ကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်တွင် စစ်အုပ်ချုပ်ရေးကြေညာထားသည်။

“စစ်အုပ်ချုပ်ရေး ကြေညာထားတာဆိုတော့ လေယာဉ်နဲ့ ဗုံးတွေလာကျဲမှာကို အရမ်းကြောက်နေတယ်။ ဒီမှာလည်းလူတွေက စကားပြောရင် အဲဒီဗုံးကြဲမယ့်အကြောင်းပဲပြောပြီး စိုးရိမ်နေကြတာ” ဟု ပုလောမြို့ခံတစ်ဦးကဆိုသည်။

ဗုံကြဲမည်ဆိုသော သတင်းများမှာ အတည်ပြုနိုင်ခြင်းမရှိဘဲ လူထုအကြားတွင် ယင်းသတင်းများကြောင့် ကြောက်ရွံ့မှုများဖြစ်ပေါ်နေသည်။

မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးဖြင့် အုပ်ချုပ်မည်ဟုဆိုကာ စစ်ကောင်စီက ကြေညာထားပြီး ယင်းမြို့နယ်များတွင် တနင်္သာရီတိုင်းမှ တနင်္သာရီမြို့နယ်နှင့်ပုလောမြို့နယ်တို့ပါဝင်သည်။