မြိတ် တရုတ်တန်းကေတီဗွီတွင် ပစ်ခတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦးသေဆုံးဟုဆို

0
3328

မြိတ်မြို့၊ တရုတ်တန်းရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ကေတီဗွီဆိုင်တွင် ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဆိုင်ရှင်၏ မိသားစုဝင် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း မြို့ခံများထံမှသိရသည်။

ဇန်နဝါရီလ ၂၇ ရက်ညက တရုတ်တန်းရပ်ကွက်ရှိ ကေတီဗွီဆိုင်သို့ လူသုံးဦး လာရောက်သောက်စားခဲ့ပြီး ည ၁၁ နာရီအချိန်တွင် ဆိုင်ပိုင်ရှင်အမျိုးသမီး၏ မောင်ဖြစ်သူနှင့် အချင်းများကြရာမှ သေနတ်ဖြင့် ပစ်ခတ်ကာ ထွက်ပြေးသွား ကြောင်း မြို့ခံများက ပြောသည်။

“ပစ်တဲ့သူတွေက ထွက်ပြေးရာမှာ ဆိုင်ကယ်သော့ ပျောက်တော့ ဆိုင်ကယ်ထားရစ်ပြီး ခြေလျင်ထွက်ပြေး သွားကြတယ်လို့ ကြားရတယ်” ဟု မြို့ခံအမျိုးသားတစ်ဦးက ဆိုသည်။

ကျန်ရစ်ခဲ့သည့် ဆိုင်ကယ်မှာ မြိတ်တောင်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ရွှေ၏ အမည်ပေါက်ဖြစ်နေ သဖြင့် ဦးမောင်ရွှေ၏ ဇနီးဖြစ်သူနှင့် ညီမဖြစ်သူတို့ကို စစ်ကောင်စီတပ်က ညတွင်းချင်းနေအိမ်သို့ ရောက်လာ ခေါ်ဆောင်သွားသည်ဟု ကြားသိရကြောင်း မြို့ထံများထံမှ သိရသည်။

မည်သည့်အကြောင်းအရင်းကြောင့် အချင်းများသည်နှင့် ပစ်ခတ်သူများမှာ မည်သူမည်ဝါဖြစ်သည်ကို မသိရသေးပေ။

အုပ်ချုပ်ရေးမှူးဟောင်း ဦးမောင်ရွှေသည် အာဏာသိမ်းပြီးနောက်ပိုင်းနေအိမ်တွင် နေထိုင်ခြင်းမရှိသည်မှာ ကြာပြီ ဖြစ်သည်ဟု မြို့ခံအချို့က ပြောဆိုသည်။

“မနေ့ညက တရုတ်တန်းကေတီဗွီမှာ ပစ်ခတ်မှုဖြစ်တယ်။ လူတယောက်သေတယ်လို့ ကြားရတယ်။ ညကလည်း ၂ နာရီလောက်မှာ မြိတ်တောင်လမ်းဆုံ (အုပ်ချုပ်ရေးရုံးရှေ့) မှာ ပစ်ခတ်သံတွေကြားရတယ်။ ကမ်းနားဖက်ကလည်း ကြားရတယ်” ဟု မြိတ်မြို့၊ မြိတ်တောင်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။

သေဆုံးသူမှာ ဆိုင်ပိုင်ရှင်၏မောင်ဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုနေကြသလို သားတော်စပ်သည်ဟုလည်း ပြောဆိုနေမှုများ ရှိနေသည်။

ပစ်ခတ်ထွက်ပြေးသွားသူများကို ဖမ်းဆီးရမိခြင်း ရှိမရှိ နောက်ဆက်တွဲအခြေအနေများကိုမူ Dawei Watch က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ပစ်ခတ်မှုဖြစ်ပြီးနောက်ပိုင်း ရေပုန်း၊ မြိတ်တောင်၊ ကလွှင်၊ ရွေပြည်တန်နှင့် ရပ်ကွက်အချို့တွင် ဧည့်စာရင်းစစ်ဆေးမှု များ ပိုက်စိပ်တိုက်လုပ်ဆောင်ခဲ့သလို လမ်းဆုံလမ်းခွလမ်းကြားမကျန် စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု မြို့ခံများထံမှ သိရသည်။