ထိုင်းရေတပ်သား ၁၀၀ ကျော်ပါသော စစ်သင်္ဘော နစ်မြုပ်၊ ၂၈ ဦးမျောပါနေဆဲ

0
3133

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်ခရိုင်အနောက်ပိုင်း ထိုင်းပင်လယ်ကွေ့တွင် ရေတပ်သား ၁၀၀ ကျော်ပါသော စစ်သင်္ဘောတစ်စီးသည် ဒီဇင်ဘာလ ၁၈ ရက် ညပိုင်းတွင် နစ်မြုပ်ခဲ့ပြီး ၂၈ ဦးမှာ မျောပါနေဆဲဖြစ်ကြောင်း ထိုင်းအပါအဝင် နိုင်ငံတကာသတင်းဌာနအချို့တွင် ဖော်ပြသည်။

စစ်သင်္ဘောသည် ဒီဇင်ဘာလ ၁၈ ရက် ည ၁၁ နာရီခွဲခန့်တွင် ပရာကျွတ်ခီရီခန်ခရိုင် ဘန်းစဖမ်းကမ်းခြေ၏ ရေမိုင် ၂၀ ခန့်အကွာ၌ မုန်းတိုင်းကြောင့် တိမ်းစောင်းနစ်မြုပ်သွားခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ယနေ့ နံနက်ပိုင်းအထိ ရေတပ်သား ၇၈ ဦးကို ကယ်ဆယ်နိုင်ကာ ကမ်းခြေသို့ ပို့ဆောင်ပေးနိုင်ပြီဖြစ်ကြောင်း ဖော်ပြသည်။

ယင်းအနက် သုံးဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိထားကာ ယခုအချိန်အထိ သေဆုံးသူမရှိသေးဟု ဆိုသည်။

ဆူကို ထိုင်းအမည်ရှိ ထိုင်းရေတပ်စစ်သင်္ဘောပေါ်တွင် ရေတပ်သား ၁၀၆ ဦးလိုက်ပါလာခဲ့ပြီး ပင်လယ်ပြင်တွင် ကင်းလှည့်စစ်ရေးလေ့ကျင့်နေစဉ် မုန်တိုင်းကြောင့် လှိုင်းကြီးလေထန်ခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။

လှိုင်းလုံးကြီးများ ပုတ်ခတ်ခံရသဖြင့် လျှပ်စစ်အခန်းအတွင်း ရေဝင်ကာ လျှပ်စစ်မီးပျက်သွားပြီး သင်္ဘောပေါ်က စက်ယန္တရားများ ရပ်တံ့သွားခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

စက်မထိန်းနိုင်တော့သည့်အချိန်တွင် သင်္ဘောအတွင်းသို့ ရေအများအပြား ဝင်လာခဲ့ပြီး တစ်ဖက်သို့ တိမ်းစောင်းကာ နစ်မြုပ်သွားခဲ့ကြောင်း ရေးသားထားသည်။

နစ်မြုပ်ရာနေရာသို့ ထိုင်းတော်ဝင်ရေတပ်အဖွဲ့က စစ်သင်္ဘောသုံးစီး၊ ရဟတ်ယာဉ်နှစ်စင်းနှင့် ကယ်ဆယ်ရေးလှေ များကို သတင်းရသည်နှင့် စေလွှတ်ပေးခဲ့ပြီး ညလုံးပေါက် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေခဲ့ကြောင်း ထိုင်းရေတပ်က ထုတ်ပြန်ထားသည်။

ယနေ့ နံနက်ပိုင်းတွင် ကယ်ဆယ်ရန် ကျန်ရှိနေသောသူများကို ဆက်လက်ရှာဖွေကယ်ဆယ်နေပြီး အားလုံး အသက်ဘေးမှ ကင်းလွတ်ရန် ဝိုင်းဝန်းကူညီကယ်ဆယ်ရန် ထိုင်းဝန်ကြီးချုပ် ပရယုဒ် ချန်အိုချာက ညွှန်ကြားထားကြောင်းလည်း ဖော်ပြကြသည်။

စစ်သင်္ဘောကြီးသည် အရှည် ၇၆ ဒသမ ၈၂ မီတာ၊ အကျယ် ၉ ဒသမ ၅၅ မီတာရှိပြီး အမေရိကန်နိုင်ငံထုတ်ဖြစ်ကာ သက်တမ်း ၃၈ နှစ်ရှိပြီဖြစ်သည်ဟု ဆိုသည်။

Ref: BBC, USNI News