ထားဝယ်မှ သရက်ချောင်းသို့ ဆန်တင်ပို့မှုများ တင်းကျပ်စွာစစ်ဆေးနေ

0
325

ထားဝယ်မြို့မှ သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်သယ်ယူမှုကို ထားဝယ်မြို့အထွက် ပေါက်တိုင်းတံတား စစ်ဆေးရေး ဂိတ်တွင် တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ၂၄ ရက်နေ့မှစတင်၍ ဇူလိုင်လ ၃ ရက်နေ့အထိ ၁၀ ရက်အတွင်းမှာ စစ်ဆေးမှုများလာခြင်းဖြစ်ကြောင်း သရက်ချောင်းမြို့နယ်မှ ထားဝယ်မြို့သို့ ပြေးဆွဲနေသည့် ထားဝယ်-သရက်ချောင်းပြေးဆွဲသည် ယာဉ်လိုင်းများမှ ယာဉ်မောင်းအချို့က ဆိုသည်။

ဇွန်လ ၂ ရက်နေ့က ပြင်းဖြူသားရွာသို့ ဆန်အိတ် ၄၀ နီးပါးတင်လာသည့်ကားကို ရွာလူကြီးထောက်ခံစာမပါသဖြင့် ပေါက်တိုင်းတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြတ်သန်းခွင့်မပေးဘဲ ခေတ္တခေါ်ယူထားကာ စစ်ဆေးမေးမြန်း ခဲ့ကြောင်း ယာဉ်မောင်းအချို့က ပြောဆိုသည်။

ဆန်အိတ်များမှာ ရွာသူ၊ ရွာသားများ စားသုံးရန် တင်ဆောင်လာခြင်းဟုတ်မဟုတ် ပြင်းဖြူသားရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးထံ စစ်ဆေးရေးဂိတ်မှ စစ်ဗိုလ်တစ်ဦးက ဖုန်းဆက်မေးမြန်းခဲ့ကြောင်း ပြင်းဖြူသားရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးက ပြောသည်။

“ဆန်က အရမ်းများနေတယ်ဆိုတော့ သူတို့က မယုံဘူးပေါ့။ အဲဒီဆန်တွေ ဘယ်ကိုတင်ဆောင်မလဲဆိုတာမျိုး၊ အမှန်ပဲ ဒီရွာက ရွာသူရပ်သားတွေ စားသုံးဖို့ဟာပဲလားဆိုတာမျိုး မေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ရွာသူ၊ ရွာသားများ စားသုံးရန် တင်ဆောင်လာသည်မှာ မှန်ကန်ကြောင်း ထောက်ခံပေးလိုက်သဖြင့် ကားသမားကို ပြန်လွှတ်ပေးလိုက်သည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

ဆန်အိတ် သယ်ယူမည်ဆိုလျှင် အုပ်ချုပ်ရေးမှူး၏ ထောက်ခံစာယူလာရမည်ဖြစ်ပြီး ထောက်ခံစာ မပါပါက ဖြတ်သန်းခွင့် ပေးတော့မည် မဟုတ်ဟု ပြောဆိုမှုများရှိလာကြောင်း လိုင်းကားပြေးဆွဲနေသူအချို့က ပြောသည်။

ဇွန်လ လကုန်ပိုင်းက ဆန်အိတ်များများတင်လာသည့် ကားတစ်စီးကို စစ်ဆေးရာ ရွာလူကြီးထောက်ခံချက် မပါသဖြင့် ဖြတ်သန်းခွင့် မပြုသောကြောင့် ဆန်ဆိုင်တွင် ဆန်အိတ်များပြန်သွားချလိုက်ရကြောင်း သရက်ချောင်းမှ ထားဝယ်သို့ ပြေးဆွဲသည့် ယာဉ်လိုင်းတစ်ခုမှ ယာဉ်မောင်းတစ်ဦးက ၎င်းတွေ့ကြုံရသည့်အခြေအနေကို ပြန်လည်ပြောပြသည်။

 ပေါက်တိုင်းတံတားဂိတ်တွင် စစ်ဆေးမှုများ ပိုမိုတင်းကျပ်လာပြီး သုံးဘီး၊ ကား၊ ဆိုင်ကယ်များအပြင်၊ လမ်းဆင်း လျှောက်ကာ သွားရသည့် ပြည်သူများကိုပင် စေ့စေ့စပ်စပ်လိုက်ကြည့်ကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ယာဉ်လိုင်းတွင် လိုက်ပါသည့် ယာဉ်နောက်လိုက်တစ်ဦးက ပြောဆိုသည်။

 “ဆန်သယ်မယ်ဆိုရင် ရွာလူကြီးထောက်ခံစာ ယူလာရမယ်ပြောတယ်။ သုံးဘီးတွေ၊ ကားတွေကို စစ်လို့ ကားပေါ်မှာ ဆန်အိတ်တွေ သုံးလေးအိတ်ပါတယ်ဆိုရင် ဒီဆန်အိတ်က ဘယ်ကိုသွားဖို့လဲ၊ ဘာလုပ်ဖို့လဲမေးတယ်။ ရွာမှာ စားဖို့ အိမ်မှာ စားဖို့ဆိုပြီးပြောရင် နောက်တစ်ခါဆို ရွာလူကြီးထောက်ခံစာယူလာလို့ သူတို့ပြောတယ်” ဟု ၎င်းက ဆိုသည်။

ထားဝယ်မှ သရက်ချောင်းဘက်သို့ သွားသည့် လမ်းတစ်လျှောက်တွင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအဖွဲ့ အသစ်ပြောင်းပြီးနောက် ဆန်သယ်ယူမှုကို အဓိကစစ်ဆေးနေခြင်းဖြစ်ပြီး တောင်ပျောက်တိုက်နယ်ကို ဝင်သည့် လမ်းကြောင်းတစ်ခုဖြစ်သော သဲချောင်းကြီးရွာ စစ်ဆေးရေးဂိတ်တွင်လည်း စစ်ဆေးနေသည်။

သရက်ချောင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ မကြာခဏတိုက်ပွဲဖြစ်နေပြီး တောင်ပျောက်တိုက်နယ်သို့ ဆန်နှင့် ရိက္ခာသယ်ယူခွင့် ကန့်သတ်ထားသည်မှာ လအနည်းငယ်ကြာပြီဖြစ်သည်။