ဘီးလင်း NLDပါတီဥက္ကဋ္ဌနှင့်အတူဖမ်းဆီးခံရသည့် ပါတီဝင်နှစ်ဦး သတ်ဖြတ်မြှုပ်နှံခံထားရ

0
333

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဥက္ကဋ္ဌနှင့်အတူ ဖမ်းဆီခံရသည့် ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦး သတ်ဖြတ်မြေမြှုပ်ခံထားရသည်ကို တွေ့ရှိကြောင်း ၎င်းတို့နှင့် နီးစပ်သူတို့ထံမှ သိရသည်။

ဘီးလင်းမြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းနှင့်အတူ ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသားတစ်ဦး တို့သည် ဇွန်လ ၂၂ ရက်နေ့က လယ်ကတဲကျေးရွာအနီးတွင် စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုနှင့် တွေ့ပြီး ပစ်ခတ်ဖမ်းဆီးခံခဲ့ရသည်။

ရွာသားတစ်ဦးမှာ ကျည်ထိမှန်သေဆုံးသွားပြီး ဦးကျော်မျိုးမင်းနှင့် ပါတီဝင် နှစ်ဦးတို့မှာ ဖမ်းဆီးခံခဲ့ရသည်။

ယင်းနောက် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ နှစ်ဦးကို မြှုပ်နှံခံထားရသည်ကို ဘီးလင်းမြို့နယ် ကြိုးဝိုင်းကျေးရွာ အနီးတွင် ဇူလိုင်လ ၂ ရက်နေ့တွင် တွေ့ရှိခြင်းဖြစ်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

“သူတို့ (ဦးပန်းမြင့်နဲ့ ဦးကိုကိုမောင်) အလောင်းကို တွေ့တယ်။ အလောင်းတွေကို မြေမြှုပ်ထားတာ၊ ဦးကျော်မျိုးမင်း ကတော့ ပျောက်နေတယ်။ ဘာသတင်းမှ မရသေးဘူး” ဟု ဦးကျော်မျိုးမင်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ရဲဘော် ပန်းမြင့်နှင့် ရဲဘော် ကိုကိုမောင်တို့သည် ကျရာတာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားသည်ဟု KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီက ယနေ့ (ဇူလိုင် ၃) ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဦးကျော်မျိုးမင်းနှင့် ပတ်သက်သည့် သတင်းအစအန ပျောက်နေပြီး အသက်အန္တရာယ် စိုးရိမ်နေရသည်ဟုလည်း နီးစပ်သူတို့က ပြောသည်။

ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ ဦးကျော်မျိုးမင်းသည် စစ်တပ်အာဏာသိမ်းပြီးနောက် အမှုဖွင့်ခံထားရကာ ထွက်ပြေးတိမ်းရှောင်နေရသူဖြစ်သည်။

ဦးကျော်မျိုးမင်းသည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဘီးလင်းမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိထားသူလည်း ဖြစ်သည်။